အဆိုတော် ဆက်နိုင် စစ်မှုထမ်းဆင့်ခေါ်စာ ပေးပို့ခံရပြီးနောက် ထွက်ပြေးတိမ်းရှောင်နေပြီး မိသားစုနဲ့ အဆက်အသွယ်ပြတ်တောက်နေ
ဇူလိုင် ၃၀
မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ အမှတ်(၂)၊ ဆုံကုန်း ရပ်ကွက်နေ အဘ ဦးတာတာထွန်း ရဲ့ သားဖြစ်သူ အဆိုတော် ဆက်နိုင် (ခ) ဆက်နိုင်ထွန်း ဟာ စစ်မှုထမ်းဖို့ အသက်အရွယ် ရောက်သူအဖြစ် မှတ်ပုံတင် စာရင်းသွင်းဖို့ ဆင့်ခေါ်ခံရပြီးနောက် ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရပါတယ်။
အဆိုတော် ဆက်နိုင် ဟာ စစ်မှုထမ်းဖို့ အသက်အရွယ် ပြည့်မြောက်ပြီးသူ ဖြစ်တာကြောင့် စစ်မှုထမ်းဖို့ အသက်အရွယ်ရောက်သူအဖြစ် မှတ်ပုံတင် စာရင်းသွင်းရန်အတွက် တံတားဦးမြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က ဇူလိုင်လ ၂၅ ရက်နေ့မှာ ဆင့်ခေါ်စာ ထုတ်ပြန်ခဲ့တာပါ။
အဆိုပါ စစ်မှုထမ်း မှတ်ပုံတင်စာရင်းသွင်းဖို့ ဆင့်ခေါ်စာဟာ ကိုဆက်နိုင် ရဲ့ တံတားဦးမြို့နယ်မှာရှိတဲ့ နေအိမ်ကို အာဏာသိမ်းစစ်တပ် လက်အောက်ခံ စစ်သားတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် လူ ၃ ယောက်က ဇူလိုင်လ ၂၈ ရက်နေ့ ညနေ ၄ နာရီကျော်ခန့်က လာပို့ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
"၂၈ ရက်နေ့ ညနေ ၄ နာရီကျော်မှာ ဆင့်ခေါ်စာလာပို့တယ်။ စစ်သားတွေနဲ့ အုပ်ကြီးက ဘေးအိမ်တွေကို သူ့ကို စောင့်ကြည့်ဖို့ မှာသွားတယ်။ ဆက်နိုင် က အဲ့ဒီည ၂ နာရီကျော်လောက်က အဝတ်အစားထုပ်နဲ့ ခိုးထွက်သွားတာ။ သူ့အကောင့်မှာတော့ ဇူလိုင် ၂၉ ရက်နေ့က ဆင့်ခေါ်စာ ပေးပို့ခံရမှုနဲ့ ပတ်သက်ပြီး ပို့စ်တင်ထားတယ်။ ခုတော့ ဘယ်ကို ရှောင်ပြေးနေလဲ မသိရသေးဘူး။ မိသားစုကိုလည်း အဆက်အသွယ် မလုပ်ဘူး" လို့ ဆက်နိုင် ရဲ့ မိတ်ဆွေ တဦးက မြို့တော်ကို ပြောပါတယ်။
အသက် ၃၂ နှစ်အရွယ် ရှိပြီဖြစ်တဲ့ အဆိုတော် ဆက်နိုင် (ခ) ဆက်နိုင်ထွန်း ကို စစ်မှုထမ်း မှတ်ပုံတင် စာရင်းသွင်းဖို့ တံတားဦးမြို့နယ် ထွေအုပ်ရုံး သို့ ဇူလိုင်လ ၃၀ ရက်နေ့မှာ လာရောက်သတင်းပို့ရမယ်လို့ အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။
ပေါက်ကိုယ်တော်က ဇာတ်သဘင်အဖွဲ့တွေဖြစ်တဲ့ အောင်ဇမ္ဗူ၊ ဖိုးချစ်နှင့် စမ်းရေမိုး တို့ကို ပေါ်တာဆွဲဖို့ တိုက်တွန်းခဲ့ပြီး လိုအပ်ပါက သူ့ကို လုပ်ပိုင်ခွင့်ပေးရင် အားလုံးကို ဖမ်းဆီး ပေါ်တာဆွဲပေးမယ်လို့ ပြောဆိုခဲ့ပြီးနောက် အနုပညာရှင်တွေထဲမှာ ကိုဆက်နိုင်ဟာ စစ်မှုထမ်း ဆင့်ခေါ်စာ ပေးပို့ခံရသူ ဖြစ်ပါတယ်။
မြို့တော် News Channel