ရုပ်သံ
ပြည်တွင်းသတင်း
စက်သုံးဆီ ဝယ်မရလို့ ပရဟိတ လူနာတင်ယာဉ်တွေ အရေးပေါ် လူနာပို့ဆောင်ရေး အခက်ကြုံနေ
စက်သုံးဆီ ဝယ်မရလို့ ပရဟိတ လူနာတင်ယာဉ်တွေ အရေးပေါ် လူနာပို့ဆောင်ရေး အခက်ကြုံနေ
နိုဝင်ဘာ ၉
မကွေးတိုင်းမှာ စက်သုံးဆီဝယ်ယူဖို့ ခက်ခဲလာမှုကြောင့် အရေးပေါ်လူနာပို့ဆောင်ရာမှာ အခက်အခဲတွေ ကြုံတွေ့နေရပြီး လူနာအသက်အန္တရာယ်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အရေးပေါ် ကျန်းမာရေးဝန်ဆောင်မှုတွေပါ ထိခိုက်လာနေတယ်လို့ မကွေးတိုင်းအတွင်း ပရဟိတလုပ်ကိုင်သူတွေထံမှ သိရပါတယ်။
မကွေးမြို့ရှိ ဆေးရုံတစ်ခုမှ အောက်ဆီဂျင် အမြင့်ဆုံးပေးထားရတဲ့ လူနာအဘိုးတစ်ဦးကို တောင်တွင်းကြီးမြို့ကို အရေးပေါ်ပို့ဆောင်ပေးဖို့ လူနာတင်ယာဉ်တစ်စီးဟာ နိုဝင်ဘာလ ၉ ရက် နေ့လယ်ပိုင်းက မြို့တွင်းနဲ့ မြို့ပြင်ရှိ ဆီဆိုင်တွေမှာ လိုက်လံဖြည့်တင်းခဲ့ပေမဲ့ လိုအပ်တဲ့ ပမာဏအတိုင်း ဝယ်ယူခွင့် မရခဲ့ဘူးလို့ ဆိုပါတယ်။
“အရေးပေါ်လူနာတင်ပြီး ထွက်လာရတဲ့အချိန်မှာ ဆီဆိုင်တွေကို လိုက်ဖြည့်နေရတာပါ။ ဆီက အရင်ကတည်းက ပြတ်လပ်နေလို့ ကြိုတင်ဖြည့်ထားလို့လည်း မရခဲ့ဘူး။ ကားထဲမှာ ဆီက ကုန်ခါနီးပဲ ကျန်တော့တယ်။ ဆီဆိုင်တစ်ဆိုင်က ၅ သောင်းဖိုးပဲ ရောင်းပေးတယ်။ ထပ်တောင်းလည်း မရဘူး”လို့ ပရဟိတ လူနာတင်ယာဉ်မောင်း တစ်ဦးက မြို့တော်ကို ပြောပါတယ်။
ရန်ကုန်၊ မန္တလေးမြို့နဲ့ အခြားမြို့တွေမှာလည်း ပရဟိတ လူနာတင်ယာဉ်တွေအနေနဲ့ ဆီဝယ်ယူရာမှာ အငှားယာဉ်နဲ့ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းသုံးယာဉ်တွေလို အဆင်ပြေမှုမရှိဘဲ တစ်ခါတစ်ရံ ဆီ ၃ သောင်းဖိုးထက် ပိုဝယ်ယူလို့မရတဲ့ အခြေအနေတွေ ရှိနေတယ်လို့လည်းသိရပါတယ်။
မြန်မာနိုင်ငံအတွင်း စက်သုံးဆီရရှိမှု အကန့်အသတ်တွေနဲ့ ဝယ်ယူရေးအခက်အခဲတွေကြောင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေအပြင် လယ်ယာလုပ်ငန်းတွေနဲ့ နေ့စဉ်အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေပါ ထိခိုက်မှုတွေရှိနေသလို ဆီဆိုင်တွေမှာ ဝယ်ယူနိုင်တဲ့ ပမာဏကို ကန့်သတ်ထားတာနဲ့ ပြင်ပဈေးကွက်မှာ ဈေးနှုန်းမြင့်တက်နေတာတွေဟာ ငွေကြေးအင်အားနည်းပါးတဲ့ ပရဟိတအဖွဲ့တွေအတွက် ပိုမိုအခက်တွေ့နေကြပါတယ်။
“အရေးပေါ်အခြေအနေဖြစ်လာရင် အစိုးရအဖွဲ့အစည်းတွေ မရောက်ခင် အရင်ဆုံး ပြေးလွှားကူညီပေးကြတာ ပရဟိတသမားတွေနဲ့ လူနာတင်ယာဉ်တွေပါ။ ဒါပေမဲ့ ကိုယ့်အလှည့်ကျမှ ဆီဝယ်မရတာ၊ ရတဲ့အခါလည်း ၃ သောင်းဖိုးလောက်ပဲ ရတာတွေ ဖြစ်နေတယ်။ ဒီလိုအခြေအနေမှာတွေ ကြာလာရင် ပရဟိတကားတွေ ရပ်နားရတော့မယ်။ အဲဒီအခါ အထိခိုက်ဆုံးက အကူအညီလိုအပ်နေတဲ့ ပြည်သူတွေပဲ ဖြစ်လိမ့်မယ်” လို့ ပဲခူးတိုင်းအတွင်း ပရဟိတ လုပ်ကိုင်နေသူတစ်ဦးက မြို့တော်ကို ပြောပါတယ်။
ပြင်ပဈေးကွက်မှ ဈေးပိုပေးဝယ်ယူရတဲ့ ဆီတွေမှာလည်း အရည်အသွေးမကောင်းတဲ့အခါ ယာဉ်စက်နှိုးမရတာ၊ ယာဉ်ချို့ယွင်းတာတွေ ဖြစ်ပေါ်နေတာကြောင့် လူနာတင်ယာဉ်တွေအတွက် ဆီရရှိရေးသာမက ဆီအရည်အသွေးပါ စိုးရိမ်စရာ ဖြစ်လာနေတယ်လို့ ဆိုပါတယ်။
အရေးပေါ် လူနာတင်ယာဉ်တွေအတွက် စက်သုံးဆီကို သီးခြားဦးစားပေးခွဲတမ်းနဲ့ ရောင်းချပေးတာ၊ လိုအပ်တဲ့ ပမာဏအတိုင်း အချိန်မီဝယ်ယူနိုင်ရေး စီစဉ်ပေးဖို့ကိုလည်း ပရဟိတလုပ်ကိုင်သူတွေက တောင်းဆိုနေကြပါတယ်။
အာဏာမသိမ်းခင်က ပရဟိတ လူမှုကူညီရေးအသင်းတွေဟာ ပြည်သူတွေအတွက် ၂၄ နာရီ ဝန်ဆောင်မှု ပေးခဲ့ကြတာဖြစ်ပြီး အာဏာသိမ်းပြီးနောက်မှာတော့ လူမှုကူညီရေးအသင်းတွေကို နယ်မြေကျော်လွန်ပြီး လူနာပို့ဆောင်ခွင့် မပြုတာနဲ့ အသင်းမှတ်ပုံတင်မရှိတဲ့ လူနာတင်ယာဉ်တွေကို သိမ်းယူမယ်ဆိုပြီး ကြေညာတာတွေလည်း ရှိခဲ့ပါတယ်။
မြို့တော် News Channel
ဓာတ်ပုံများ (1)
ဆက်စပ် သတင်းများ
ရုပ်သံ
ပြည်တွင်းသတင်း
ရုပ်သံ
ပြည်တွင်းသတင်း
ကထိန်အတွက် ပစ္စည်းပို့ပြီးပြန်လာတဲ့သုံးဘီး တံတားအဆင်းမှာပြုတ်ကျလို့ ၂ ဦးသေဆုံး
ရုပ်သံ
ပြည်တွင်းသတင်း
နိုဝင်ဘာ ၁၀ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
ရုပ်သံ
ပြည်တွင်းသတင်း