ဟိုတယ်က ဧည့်စာရင်းမတိုင်ပေးလို့ ၄ နှစ်နဲ့ ၉ နှစ်အရွယ် ကလေး ၂ ဦးအပါအဝင် တည်းခိုသူ ၂၁ ဦး အချုပ်ထဲ တညအိပ်ခဲ့ရ
နိုဝင်ဘာ ၁၆
မွန်ပြည်နယ်၊ ရေးမြို့ရှိ ရွှေတောင်ကြားဟိုတယ် တာဝန်ရှိသူတွေဘက်က ဧည့်စာရင်း မတိုင်ကြားပေးထားတာကြောင့် အသက် ၄ နှစ်နဲ့ ၉ နှစ်အရွယ် ကလေးငယ် ၂ ဦးအပါအဝင် ဟိုတယ်မှာ တည်းခိုနေသူ ၂၁ ဦး ရေးမြို့မရဲစခန်း အချုပ်ထဲမှာ တစ်ညတာ ဖြတ်သန်းခဲ့ရတယ်လို့ သိရပါတယ်။
ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့ ည ၁၁ နာရီဝန်းကျင်အချိန်ခန့်က ရေးမြို့၊ ရွှေတောင်ကြားဟိုတယ်ကို သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့စုံက ဝင်ရောက်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
တည်းခိုသူတွေအနေနဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) အပြည့်အစုံနဲ့ တရားဝင် တည်းခိုနေထိုင်ကြတာဖြစ်ပေမဲ့ ဟိုတယ်ဘက်က ဧည့်စာရင်း တိုင်ကြားပေးထားခြင်း မရှိတဲ့အတွက် အာဏာသိမ်းစစ်တပ် လက်အောက်ခံ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီစစ်ဆေးမှုအတွင်း အသက် ၄ နှစ်နဲ့ ၉ နှစ်အရွယ် ကလေးငယ် ၂ ဦး၊ အမျိုးသမီး ၈ ဦးနဲ့ အမျိုးသား ၁၁ ဦး စုစုပေါင်း တည်းခိုသူ ၂၁ ဦးအပြင် ဟိုတယ်တာဝန်ခံ ၁ ဦးတို့ပါ ဖမ်းဆီးခံရပြီး ရေးမြို့မရဲစခန်း အချုပ်ခန်းထဲမှာ တစ်ညတာ အိပ်ခဲ့ရတယ်လို့ သိရပါတယ်။
ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ အဲဒီ ရွှေတောင်ကြားဟိုတယ်မှာ လာရောက်တည်းခိုနေကြတဲ့ တရုတ်နိုင်ငံသား ၄ ဦးကိုတော့ အာဏာသိမ်းစစ်တပ် လက်အောက်ခံ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးအရေးယူတာမျိုး မရှိခဲ့ဘူးလို့ ဒေသခံတွေဆီကတစ်ဆင့် သိရပါတယ်။
မြို့တော် News Channel