မိခင်ကိုယ်တိုင်က ခွင့်ပြုခိုင်းစေမှုကြောင့် အသက်မပြည့်သေးတဲ့ ညီမနှစ်ဦးကို လိင်ပိုင်းဆိုင်ရာ အကြိမ်ကြိမ် ပြုကျင့်ခဲ့သူ ထောင်ဒဏ် နှစ် ၄၀ ချမှတ်
နိုဝင်ဘာ ၁၈
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ တပင်ရွှေထီးရပ်ကွက်မှာ မိခင်ဖြစ်သူ ကိုယ်တိုင်က ခွင့်ပြုခိုင်းစေမှုကြောင့် အသက်မပြည့်သေးတဲ့ အမျိုးသမီး ကလေးငယ် ၂ ဦးကို လိင်ပိုင်းဆိုင်ရာ အကြိမ်ကြိမ် ပြုကျင့်ခဲ့တဲ့ မိခင်ရဲ့ ရည်းစားဖြစ်သူကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ် ၄၀ ချမှတ်လိုက်တယ်လို့ သိရပါတယ်။
မိခင်ကိုယ်တိုင်က ခွင့်ပြုမှုကြောင့် အသက် (၁၃) နှစ် အရွယ်သာ ရှိသေးတဲ့ ဗီယိုလာ-Viola (အမည်လွှဲ) နှင့် အသက် (၈) နှစ် အရွယ်သာ ရှိသေးတဲ့ ဂလိုရီယာ-Gloria (အမည်လွှဲ) တို့ နှစ်ဦးဟာ မိခင်ရဲ့ ရည်းစားဖြစ်သူ အသက် (၅၀) နှစ် အရွယ်ရှိ ဦးဝင်းဗိုလ် ဆိုသူရဲ့ လိင်ပိုင်းဆိုင်ရာ ပြုကျင့်မှုကို အကြိမ်ကြိမ် ခံခဲ့ရတယ်လို့ သိရပါတယ်။
လိင်ပိုင်းဆိုင်ရာပြုကျင့်မှု ဖြစ်စဉ်တွေမှာ မိခင်ကိုယ်တိုင်က ခွင့်ပြုစေခိုင်းခဲ့တာဖြစ်ပြီး အိမ်နီးနားချင်းမှ သတင်းပေးအကူအညီတောင်းခံမှုကြောင့် နေပြည်တော် ပုဗ္ဗသီရိမြို့၊ ဇဝနဒီပရပ်ကွက်နေ ဒေါ်ယမင်းအေး (နေပြည်တော် အမျိုးသမီးရေးရာ)က သိရှိပြီး ကလေးငယ်တွေကို ထိန်းသိမ်းထားခဲ့ကာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူ ဦးဝင်းဗိုလ်ကို တပ်ကုန်း မြို့မရဲစခန်းမှာ စတင်အမှုဖွင့်ခဲ့တာလို့ သိရပါတယ်။
အသက်မပြည့်သေးတဲ့ အမျိုးသမီး ကလေးငယ် ၂ ဦးကို လိင်ပိုင်းဆိုင်ရာ အကြိမ်ကြိမ် ပြုကျင့်သူ ဦးဝင်းဗိုလ် ကို ဥတ္တရခရိုင်တရားရုံးက ပုဒ်မ ၃၇၆ (၃) အရ ထောင်ဒဏ် နှစ် ၂၀ ၊ ပုဒ်မ ၃၇၆ (၁ ) အရ ထောင်ဒဏ် ၁၀ နှစ် ၊ ပုဒ်မ (၃၇၇) အရ ထောင်ဒဏ် ၁၀ နှစ်၊ စုစုပေါင်း နှစ် ၄၀ ကို သီးခြားစီကျခံဖို့ ဒီကနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ အမိန့်ချမှတ်လိုက်တယ်လို့ သိရှိရပါတယ်။
လိင်ပိုင်းဆိုင်ရာ အကြိမ်ကြိမ် ပြုကျင့်ဖို့ ခွင့်ပြုစေခိုင်းခဲ့တဲ့ မိန်းကလေးငယ် ၂ ဦးရဲ့ မိခင်ဖြစ်သူဟာ သူမရဲ့ ရည်းစား ပြစ်မှုကျူးလွန်သူ ဦးဝင်းဗိုလ် အချုပ်နှောင်ထဲ ရောက်ရှိနေစဉ် လာရောက်တွေ့ဆုံခဲ့ပေမဲ့ နောက်ပိုင်းမှာ သူမကိုလည်း ဖမ်းဝရမ်းထုတ်ခဲ့တာကြောင့် ထွက်ပြေးတိမ်းရှောင်နေပြီး လက်ရှိအချိန်ထိ ဖမ်းဆီးရမိတာ မရှိသေးဘူးလို့ သိရပါတယ်။
မြို့တော် News Channel