မန္တလေးက ဆောက်လုပ်ဆဲ ဗလီ ချိပ်ပိတ်ခံရပြီး မည်သူမျှ သွားလာခွင့်မရှိစေဖို့ ပုဒ်မ ၁၄၄ ထုတ်ပြန်ထား
စက်တင်ဘာ ၁၇
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်က မိဘဈေးဗလီအတွင်းရှိ ဆောက်လုပ်နေဆဲ အဆောက်အဦနဲ့ ခွင့်ပြုချက်မရှိဘဲ ယာယီဝတ်ပြုနေတဲ့ ဝတ်ပြုကျောင်းဆောင် RC လေးထပ် အဆောက်အဦကို အာဏာသိမ်းအစိုးရက ချိပ်ပိတ်ခဲ့ပြီး အဆိုပါဧရိယာပတ်ဝန်းကျင်အတွင်း မည်သူမျှ သွားလာခွင့်မရှိစေဖို့ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက သံဃာတော်တပါး ဗလီဆောက်လုပ်နေဆဲနေရာကို ရောက်ရှိခဲ့ပြီး ခွင့်ပြုချက်ထက် ပိုမိုဆောက်လုပ်နေတာနဲ့ ပတ်သက်ပြီး လာရောက်မေးမြန်ခဲ့တဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်မှာ ပြန့်နှံခဲ့ပြီးနောက် အာဏာသိမ်းအစိုးရက အခုလို ချိပ်ပိတ်ခဲ့တာပဲ ဖြစ်ပါတယ်။
အဆိုပါ ဗီဒီယိုဖိုင်မှာ ဗလီဆောက်လုပ်ရာမှာ တာဝန်ရှိသူကို သံဃာတော်တပါးက မေးမြန်းရာမှာ တာဝန်ရှိသူက မန္တလေးမြို့တော်ဝန် ဦးကျော်ဆန်း ခွင့်ပြုပေးခဲ့တာ ဖြစ်တယ်လို့ ပြောဆိုခဲ့တာကို တွေ့ရပါတယ်။
"ဗလီမလို့ ဖျက်တာ မဟုတ်ဘူး၊ ဘာသာရေးအဆောက်အဦမလို့ ဖျက်တာမဟုတ်ဘူး၊ ဥပဒေနဲ့မညီလို့ ဆောက်လုပ်ခွင့်လိုင်စင်မရှိဘဲ ဆောက်ထားတာတွေ လူနေထိုင်ခွင့်မရဘဲ နေနေတာတွေ ရန်ကုန်မှာရော မန္တလေးမှာရော ဖျက်နေတယ်၊ ဒကာကြီးတို့ သိပါတယ်၊ ဌာနဆိုင်ရာတွေပဲ၊ ဦးဇင်းတို့က ခုဗလီဆောက်လုပ်တဲ့ နေရာကိုလည်း သတင်းကြားလို့ လာကြည့်တာ" လို့ သံဃာတော်တပါးက မေးမြန်းပြောဆိုခဲ့ပါတယ်။
ဦးကျော်ဆန်းဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ ၂၀၂၆ ခုနှစ် ဧပြီလအထိ အာဏာသိမ်းစစ်တပ်ရဲ့ လက်အောက်ခံ မန္တလေးမြို့တော်ဝန်အဖြစ် တာဝန်ယူခဲ့ပြီး တရားမဝင် ရွေးကောက်ပွဲ ပြုလုပ်ပြီးချိန်မှာတော့ ယခုလက်ရှိ မန္တလေးမြို့တော်ဝန်အဖြစ် ဦးခင်မောင်အေးက တာဝန်ယူနေတာပဲ ဖြစ်ပါတယ်။
မြို့တော် News Channel