အရေးပေါ်
ပြည်တွင်းသတင်း

စစ်မှုထမ်း အပတ်စဉ် ၂၇ အတွက် လူငယ်တွေကို စတင်ဖမ်းဆီးနေပြီး လူအစားထိုးခွင့်ပဲ ရမယ်လို့ဆို

၂၀၂၆ ဇူလိုင် ၂၃ Myo Taw
စစ်မှုထမ်း အပတ်စဉ် ၂၇ အတွက် လူငယ်တွေကို စတင်ဖမ်းဆီးနေပြီး လူအစားထိုးခွင့်ပဲ ရမယ်လို့ဆို

စစ်မှုထမ်း အပတ်စဉ် ၂၇ အတွက် လူငယ်တွေကို စတင်ဖမ်းဆီးနေပြီး လူအစားထိုးခွင့်ပဲ ရမယ်လို့ဆို

ဇူလိုင် ၂၃

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း အပတ်စဉ် (၂၇) က စတင်ကာ လူငယ်တွေကို မြို့အဝင်အထွက်တွေက စစ်ဆေးရေးဂိတ်တွေမှာ ကြုံသလို ယခင်ထက် ပိုမိုဖမ်းဆီးပြီး လူအစားထိုးခွင့်သာ ပေးတော့မယ်လို့ သိရပါတယ်။

ဇူလိုင်လ ၂၅ ရက်နေ့မှာ အပတ်စဉ်(၂၇)ရဲ့ စစ်မှုထမ်းသင်တန်း စတင်တော့မှာ ဖြစ်တာကြောင့် နိုင်ငံအနှံ့အပြားက မြို့နယ်အသီသီးမှာ စစ်မှုထမ်းအတွက် လူငယ်တွေကို ပုံစံမျိုးစုံနဲ့ အတင်းအဓမ္မ ဖမ်းဆီးနေတယ်လို့ သိရပါတယ်။

“ခုရက်ပိုင်း မကွေး-မင်းလှ လမ်းဆုံမှာ အဆွဲခံရတဲ့သူတွေ မနည်းဘူး၊ လူစားထိုးခွင့်ပဲ ပေးတော့မယ် ပြောတယ်၊ အရင်တုန်းကတော့ ငွေပေးပြီး အကြောင်းပြချက်တခုခုနဲ့ လွှတ်ခိုင်းလို့ ရတယ်၊ အခုက မရတော့ဘူး၊ ပိုကြပ်လာတယ်၊ အထက်ရောက်မှ ဆေးမအောင်ရင် ပြန်ရမယ်၊ အောက်မှာ ငွေနဲ့ရှင်းခွင့် မပေးတော့ဘူး” လို့ မင်းလှမြို့ ဒေသခံတဦးက မြို့တော်ကို ပြောပါတယ်။

အာဏာသိမ်း အစိုးရက ပြဌန်းထားတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရမယ့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ လူငယ် အမျိုးသားတွေထဲက တိမ်းရှောင်နေသူတွေရဲ့ အမည်စာရင်းကို သက်ဆိုင်ရာ မြို့နယ်တွေကို ပေးပို့ထားတယ်လို့ သိရပြီး CDM ဝန်ထမ်းတွေရဲ့ စာရင်းတွေကိုလည်း စစ်ဆေးရေးဂိတ်တွေမှာ ပေးပို့ထားတယ်လို့ သိရပါတယ်။

“မကွေးလမ်းမပေါ်မှာ ခရီးသွားကားတွေကို PSMS နဲ့ စစ်နေတယ်လို့ ပြောတယ်၊ ရဲပြေးတွေ စစ်ပြေးတွေ စာရင်းလည်း ပေးထားတယ် ပြောတယ်၊ ရဲပြေးတယောက်တော့ PSMS နဲ့စစ်လို့ အဖမ်းခံရတာ ရှိတယ်၊ ပြန်လွှတ်မလွှတ် မသိရဘူး၊ အဓိကစစ်တာက ခရီးသည်တင်ကားတွေကိုပဲ စစ်တာ၊ အိမ်စီးကားတွေနဲ့ သွားတယ်ဆို သိပ်မစစ်ကြဘူး” လို့ ဒေသခံတဦးက မြို့တော်ကို ပြောပါတယ်။

မနေ့က ဇူလိုင်လ ၂၂ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ အတုအယောင်လွှတ်တော် အစည်းအဝေးမှာ ခန္တီးမဲဆန္ဒနယ်မှ အမတ် ဦးဂုဏ်ဝမ်းက ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ နည်းဥပဒေတွေကို ကျော်လွန်ကာ ဆောင်ရွက်နေတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး မည်ကဲ့သို့ ထိန်းညှိဆောင်ရွက်မလဲဆိုတဲ့ မေးခွန်းကို မေးမြန်းခဲ့ရာမှာ ဗိုလ်ချုပ် မင်းသူက

“စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်မှ ၃၅ နှစ် အတွင်းရှိ အမျိုးသားတွေဟာ စစ်မှုထမ်းဖို့ တာဝန်ရှိပြီး စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရသူတွေဟာ အခြားဒေသတွေမှာ တိမ်းရှောင်နေထိုင်တာတွေ ရှိနေတာကြောင့် မြေပြင်မှာ ဆင့်ခေါ်ဖို့ အခက်အခဲတွေနဲ့ ကြုံတွေ့နေရကြောင်း၊ တိမ်းရှောင်နေသူတွေကို ဖမ်းဆီးနိုင်ဖို့အတွက် မြို့ဝင်မြို့ထွက် စစ်ဆေးရေးဂိတ်တွေဆီ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံထားရသူတွေရဲ့ အမည်စာရင်းတွေကို ဖြန့်ဝေပေးထားပြီး စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးတွေ့ရှိပါက ချက်ချင်းဆင့်ခေါ် ဆောင်ရွက်နေကြောင်း၊ ဒါ့အပြင် ရပ်ကွက်နှင့် ကျေးရွာတွေမှာ နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး အကြောင်းပြချက်နဲ့ ဧည့်စာရင်း စစ်ဆေးမှုတွေ ပြုလုပ်ချိန်မှာလည်း စစ်မှုထမ်းဖို့ တိမ်းရှောင်နေသူတွေကို ရှာဖွေပြီး ဆင့်ခေါ်နေတယ်” လို့ ပြောဆိုခဲ့ပါတယ်။

စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ အာဏာသိမ်း စစ်တပ်က အသက်သွင်းခဲ့ပြီးနောက် မတ်လက စတင်ကာ စစ်မှုထမ်းအတွက် လစဉ် လူငယ် ၅၀၀၀ ကျော်ကို အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးခဲ့ရာကနေ လက်ရှိမှာ စစ်မှုထမ်းအပတ်စဉ်(၂၇)အထိ ရောက်ရှိနေပြီ ဖြစ်ပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (5)

ဆက်စပ် သတင်းများ

ဝါဆိုလပြည့်နေ့မှာ လွတ်ငြိမ်းပေးမယ်လို့ သတင်းတွေ ထွက်ပေါ် ပြည်တွင်းသတင်း

ဝါဆိုလပြည့်နေ့မှာ လွတ်ငြိမ်းပေးမယ်လို့ သတင်းတွေ ထွက်ပေါ်

ဝါဆိုလပြည့်နေ့မှာ လွတ်ငြိမ်းပေးမယ်လို့ အကျဉ်းထောင်တွေမှာ သတင်းတွေထွက်ပေါ်နေပြီး အကျဥ်းထောင်တွေကလည်း အကျဥ်းသား အရွေ့အပြောင်းတွေ လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။

ဖတ်ရန်
ဥပဒေကျော်လွန်ကာ ပေါ်တာဆွဲ ဖမ်းဆီးနေမှုကို မည်သို့ဆောင်ရွက်ပေးမလဲလို့ အတုအယောင်လွှတ်တော်မှာ မေးမြန်း
VIDEO Afternoon NEWS

ဥပဒေကျော်လွန်ကာ ပေါ်တာဆွဲ ဖမ်းဆီးနေမှုကို မည်သို့ဆောင်ရွက်ပေးမလဲလို့ အတုအယောင်လွှတ်တော်မှာ မေးမြန်း

ဥပဒေကျော်လွန်ကာ အတင်းပေါ်တာဆွဲ ဖမ်းဆီးနေမှုကို မည်သို့ဆောင်ရွက်ပေးမလဲလို့ အတုအယောင်လွှတ်တော်မှာ မေးမြန်းတဲ့ သတင်းနှင့်အတူ မြို့တော်ရဲ့ နေ့လယ်ခင်းသတင်း တင်ဆက်မှု ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့သတင်းများ…

ကြည့်ရန်
နတ်မောက်မြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ဆေးမှုကို ရှောင်တိမ်းထွက်ပြေးတဲ့ ဗိုလ်မှူး ၁ ဦး ပြင်းထန်ဒဏ်ရာရပြီး ၁ ဦး သေဆုံး ပြည်တွင်းသတင်း

နတ်မောက်မြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ဆေးမှုကို ရှောင်တိမ်းထွက်ပြေးတဲ့ ဗိုလ်မှူး ၁ ဦး ပြင်းထန်ဒဏ်ရာရပြီး ၁ ဦး သေဆုံး

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ရွာမွန် - ဇရပ်ကုန်း လမ်းပိုင်းမှာ တော်လှန်ရေး တပ်ဖွဲ့တွေက ရှောင်တခင် စစ်ဆေးမှုတွေ လုပ်ဆောင်နေချိန် ဗိုလ်မှူး ၁ ဦး အပါအဝင်…

ဖတ်ရန်