မိုးမိတ်မြို့ အနီးက အာဏာသိမ်းစစ်တပ်ရဲ့ တပ်စခန်းကို သိမ်းပိုက်ပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်တွေ တပ်ပြန်ဆုတ်သွား
အောက်တိုဘာ ၂
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့အနီး ညောင်နီကျေးရွာရှိ ရွှေမြင့်တင်တောင်က အာဏာသိမ်းစစ်တပ်ရဲ့ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် တပ်ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။
စက်တင်ဘာ ၂၈ ရက်က စတင်ကာ မိုးမိတ်-မြစ်ဆုံလမ်းပိုင်းရှိ ညောင်နီရွာက အာဏာသိမ်းစစ်တပ်ရဲ့ တပ်စခန်းကို KIA နဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အောက်တိုဘာ ၁ ရက်နေ့မှာ တပ်ပြန်လည်ဆုတ်ခွာသွားခဲ့တာလို့ သိရပါတယ်။
“မြို့နားအထိ ကပ်လာပြီး ပြန်ဆုတ်သွားတာ။ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာရော၊ လက်နက်ကြီး ပစ်ခတ်တာတွေရော ရှိနေတော့ ပူးပေါင်းတပ်တွေဘက်က အခြေအနေအရ တပ်ပြန်ဆုတ်ခွာသွားတာ ထင်တယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
မနေ့က အောက်တိုဘာ ၁ ရက်မှာ နှစ်ဖက်တိုက်ပွဲသံတွေ မကြားရတော့ဘဲ နေ့လယ်ပိုင်းမှာ မိုးမိတ်မြို့မရဲစခန်းအနီး အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှာ အထိုင်ချနေတဲ့ အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင်တွေကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ဒရုန်းနဲ့ အလစ်အငိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင်အချို့နဲ ရဲအချို့ ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ၂၀၂၅ ခုနှစ်မှာ တရုတ်အကူအညီမှုနဲ့ မိုးမိတ်မြို့ကို ပြန်လည်ရရှိခဲ့ပေမယ့် မြို့အနီးပတ်ဝန်းကျင်နဲ့ ကျေးရွာတွေကို တော်လှန်ရေးတပ်တွေက ဆက်လက်စိုးမိုးထားတာကြောင့် မကြာခဏ ထိတွေ့တိုက်ပွတွေ ဖြစ်ပွားနေပြီး အာဏာသိမ်းစစ်တပ်ရဲ့ အုပ်ချုပ်ရေးယန္တရားဟာလည်း တစ်နှစ်ကျော်ကြာသည်အထိ လည်ပတ်နိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။
မြို့တော် News Channel