အရှင်ဆေကိန္ဒရဲ့ ဓမ္မဒူတလူငယ်ကျောင်းမှာ ကလေးငယ်တွေကို စစ်ရေးပြပုံစံ လေ့ကျင့်ပေးနေတဲ့ ရုပ်သံထွက်ပေါ်လာ
အောက်တိုဘာ ၂
ဓမ္မဒူတအရှင်ဆေကိန္ဒ ဦးဆောင်ဖွင့်လှစ်ထားတဲ့ ဓမ္မဒူတလူငယ်ကျောင်းမှာ အလယ်တန်းအဆင့် Grade 5 နဲ့ Grade 6 အရွယ် ကလေးငယ်တွေကို စစ်တပ်ပုံစံ ကိုယ်လက်ကြံ့ခိုင်ရေး (PT)၊ စစ်ရေးပြတန်းစီချီတက်တာနဲ့ အလေးပြုတာတွေ လေ့ကျင့်ပေးနေတဲ့ ရုပ်သံမှတ်တမ်း ပေါ်ထွက်လာပါတယ်။
ရုပ်သံမှတ်တမ်းအရ ကလေးငယ်တွေဟာ သာမန်ကိုယ်လက်လှုပ်ရှားအားကစား လေ့ကျင့်တာထက် ကျော်လွန်ပြီး အာဏာသိမ်းစစ်တပ်ရဲ့ စစ်ချီတေးဂီတသံစဉ်တွေနဲ့အတူ အုပ်စုလိုက် တန်းစီလမ်းလျှောက်တာ၊ စစ်တပ်ပုံစံ PT လေ့ကျင့်တာနဲ့ တန်းစီအလေးပြုတာတွေ ပြုလုပ်နေတာကို တွေ့ရပါတယ်။
အရှင်ဆေကိန္ဒဟာ အာဏာမသိမ်းခင်က လူထုကြား ကြည်ညိုလေးစားမှု ကျယ်ကျယ်ပြန့်ပြန့် ရရှိခဲ့ပေမယ့် အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီနှင့် နီးကပ်စွာ ပတ်သက်ဆက်ဆံမှုတွေကြောင့် သာသနာ့အသိုက်အဝန်းနှင့် ပြည်သူလူထုကြား ဝေဖန်ခံနေရသူဖြစ်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်တဲ့ ဘာသာရေးအခမ်းအနားတွေမှာလည်း ပါဝင်တက်ရောက်လေ့ရှိသူ ဖြစ်ပါတယ်။
ဒါ့အပြင် အာဏာသိမ်းပြီးနောက် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်နေရာကို ရယူခဲ့တာနဲ့ ကျောင်းသားလူငယ်တွေနဲ့ တွေ့ဆုံပွဲတွေမှာ ပြောဆိုခဲ့တဲ့ အကြောင်းအရာတွေကြောင့်လည်း လူမှုကွန်ရက်ပေါ်မှာ ဝေဖန်မှုတွေ ခံခဲ့ရဖူးပါတယ်။
အခုလို ပညာရေးအဖွဲ့အစည်းမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကို စစ်ရေးပြချီတက်မှု၊ အလေးပြုမှုနဲ့ စစ်တပ်ပုံစံ လေ့ကျင့်ပေးနေတာဟာ သာမန်အားကစားနဲ့ မတူဘဲ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဝါဒနဲ့ စစ်ဘက်ဆိုင်ရာ အလေ့အထတွေကို ကလေးတွေအပေါ် ငယ်စဉ်ကတည်းက ရိုက်သွင်းပေးနေတာလားဆိုတဲ့ မေးခွန်းထုတ်မှုတွေ၊ စိုးရိမ်မှုတွေ လူမှုကွန်ရက်မှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။
မြို့တော် News Channel