ခရီးသည်အပြည့်၊ လက်မှတ်ဝယ်မရတဲ့ကြားက နိုင်ငံပိုင်သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ အရှုံးပေါ်နေတယ်လို့ဆို
နိုဝင်ဘာ ၁၆
မြန်မာ့မီးရထား၊ ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးနဲ့ မြန်မာအမျိုးသားလေကြောင်း (MNA) တို့မှာ ဘဏ္ဍာရေးအရ အရှုံးပေါ်နေတယ်လို့ အာဏာသိမ်းအစိုးရရဲ့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဒေါက်တာကံဇော်က ပြောဆိုထားပေမယ့် ရထားနဲ့ လေယာဉ်လက်မှတ်တွေ ဝယ်ယူဖို့ပင် ခက်ခဲနေပြီး ခရီးသည်အပြည့်နဲ့ ပြေးဆွဲနေရတဲ့ အခြေအနေတွေကြောင့် မေးခွန်းထုတ် ဝေဖန်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၁၂ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ မလှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်သူက ဝန်ကြီးဌာန ၁၂ ခုနဲ့ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းတွေရဲ့ မူလခွင့်ပြုငွေထက် ပိုမိုသုံးစွဲရန် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုတွေနဲ့ ပတ်သက်လို့ အသုံးစရိတ်လျှော့ချဖို့ အကြံပြုဆွေးနွေးခဲ့ရာမှာ ဒေါက်တာကံဇော်က အခုလို ပြန်လည်ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အပါအဝင် နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်း စုစုပေါင်း ၃၀ ရှိတဲ့အနက် အမြတ်ရရှိနေတဲ့ အဖွဲ့အစည်း ၂၂ ခု ရှိပြီး အရှုံးပေါ်နေတဲ့ အဖွဲ့အစည်း ၈ ခုရှိကာ အရှုံးပေါ်နေတဲ့ အဖွဲ့အစည်းတွေထဲ ပို့ဆောင်ရေးဝန်ကြီးဌာနအောက်ရှိ မြန်မာ့မီးရထား၊ ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးနှင့် မြန်မာအမျိုးသားလေကြောင်း တို့အပြင် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၊ မြန်မာ့သစ်လုပ်ငန်းနှင့် အမှတ် (၁)၊ အမှတ် (၂)၊ အမှတ် (၃) အကြီးစားစက်မှုလုပ်ငန်းတို့လည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။
“ရထားလက်မှတ်တောင် ၇ ရက် ကြိုမဝယ်ရင် ရဖို့မလွယ်ဘူး။ ဒါတောင် အရှုံးပေါ်တယ်ဆိုတော့ ဘယ်နေရာမှာ ဘယ်လိုအရှုံးပေါ်နေတာလဲဆိုတာ သိချင်တယ်” လို့ နိုင်ငံရေးလေ့လာနေသူတဦးက ပြောပါတယ်။
လက်ရှိမှာ ရထားလက်မှတ်တွေကို ခရီးမထွက်မီ ၇ ရက်ခန့် ကြိုတင်ဝယ်ယူနေရတဲ့အပြင် ကြိုတင်ဝယ်ယူပေမယ့် လက်မှတ်ရရှိဖို့ ခက်ခဲတဲ့ အခြေအနေတွေ ရှိနေသလို လေယာဉ်လက်မှတ်ဈေးနှုန်းတွေ မြင့်တက်နေပေမယ့် ခရီးသည်အပြည့် ပြေးဆွဲနေရတဲ့ အခြေအနေတွေ ရှိနေတာကို အဆိုပါနိုင်ငံရေးလေ့လာသူက ထောက်ပြထားပါတယ်။
အာဏာသိမ်းအစိုးရရဲ့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဒေါက်တာကံဇော်ကတော့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေမှာ အရှုံးပေါ်နေမှုကို လျှော့ချနိုင်ဖို့ သက်ဆိုင်ရာဝန်ကြီးဌာနတွေက နိုင်ငံပိုင်စက်ရုံအချို့ကို ပုဂ္ဂလိကထံ ငှားရမ်းခြင်း၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်းနဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် ဖိတ်ခေါ်တာတွေကို လုပ်ဆောင်နေတယ်လို့ ပြောဆိုထားပါတယ်။
မြို့တော် News Channel