ကျောက်မဲမြို့မှာ ရွှေဆိုင်ဓားပြတိုက်မှု သုံးကြိမ်မြောက် ဖြစ်ပွားပြီး ငွေကျပ်သိန်း ၁၂၀၀ ခန့် ပါသွား
နိုဝင်ဘာ ၂၁
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ဗဟိုဈေးအနီး ဈေးတောင်ဘက်တိုက်တန်းက 'ရွှေတောင်တန်း' ရွှေဆိုင် ဓားပြတိုက်လုယက်ခံရပြီး ငွေကျပ်သိန်း ၁၂၀၀ ခန့် တန်ဖိုးရှိ ရွှေဆွဲကြိုးတွေ ပါသွားခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
နိုဝင်ဘာလ ၂၁ ရက်၊ ဒီကနေ့ နေ့လယ် ၁၁ နာရီခွဲကျော်ခန့်က ဓားပြတိုက်တဲ့သူက ဆိုင်ကယ်နဲ့ တဦးတည်းရောက်ရှိလာပြီး သေနတ်ပြကာ ရွှေဆိုင်အတွင်းက မှန်ပုံးကို ရိုက်ခွဲပြီး ရွှေဆွဲကြိုး ၁၉ ကုံး၊ ကာလတန်ဖိုး ငွေကျပ် သိန်း ၁၂၀၀ ဝန်းကျင်ကို ယူဆောင်သွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဓားပြတိုက်ခံရပြီးနောက် အဆိုပါရွှေဆိုင်ကို အာဏာသိမ်းအစိုးရ လက်အောက်ခံ ရဲတပ်ဖွဲ့က ရောက်ရှိလာပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကာ လတ်တလောမှာတော့ ရွှေဆိုင်ကို ပိတ်ထားလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်နေ့က ကျောက်မဲမြို့၊ ရပ်ကွက် ၂၊ ပင်လုံလမ်းက 'ရတီမှန်' ရွှေဆိုင်ကို အမျိုးသား ၂ ဦးက ဆိုင်ကယ် ၂ စီးနဲ့ ရောက်ရှိလာပြီး လက်နက်ပြ ဓားပြတိုက်ခဲ့ပြီး ရွှေ ၅၀ ကျပ်သား၊ ငွေကျပ်သိန်း ၃၀ ခန့်နဲ့ iPhone ၃ လုံးတို့ကို ယူဆောင်ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် စက်တင်ဘာလ ၁၂ ရက်နေ့ကလည်း ကျောက်မဲမြို့၊ ဈေးကြီးတောင်ဘက်တိုက်တန်းက 'ရွှေမိုး' ရွှေဆိုင်ကို သေနတ်သမား ၃ ဦးက ဝင်ရောက်ဓားပြတိုက်ခဲ့ပြီး သိန်းထောင်ချီတန်ဖိုးရှိ ရွှေထည်လက်ဝတ်ရတနာတွေ ယူဆောင်သွားခဲ့ကာ ဓားပြတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ လူ ၂ ဦး ဒဏ်ရာရရှိခဲ့သေးတယ်လို့ သိရပါတယ်။
ကျောက်မဲမြို့မှာ အခုအကြိမ် ရွှေဆိုင်ဓားပြတိုက်ခံရတာဟာ ၃ ကြိမ်မြောက်ဖြစ်တယ်လို့ သိရပြီး အရင်ဓားပြတိုက်မှုတွေမှာလည်း တရားခံကို ဖမ်းဆီးရမိတာမျိုး မရှိတာကြောင့် ဒေသခံတွေကြား စိုးရိမ်ထိပ်လန့်မှုတွေ မြင့်တက်နေတယ်လို့ သိရပါတယ်။
မြို့တော် News Channel