လှေနဲ့ ငါးရှာနေချိန် အာဏာသိမ်းစစ်တပ်ရဲ့ ရေတပ်က ဖမ်းဆီးရိုက်နှက်ပြီး ရေထဲပစ်ချခဲ့လို့ ဒေသခံငါးရှာသူ ၂ ဦး ပျောက်ဆုံးနေ
အောက်တိုဘာ ၈
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှာ လှေနဲ့ ငါးဖမ်းထွက်တဲ့ ဒေသခံ ၃ ဦးကို အဏာသိမ်းစစ်တပ်ရဲ့ ရေတပ်က ဖမ်းဆီးရိုက်နှက်ပြီး ရေထဲပစ်ချခဲ့လို့ ဒေသခံ ၂ ဦး ပျောက်ဆုံးနေပြီး ၁ ဦးကတော့ လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။
အောက်ဆိုဘာ ၆ ရက်နေ့၊ ည ၁၀ နာရီခွဲခန့်က လှေတစီးနဲ့ ငါးရှာထွက်ချိန် ကျောက်ဖြူမြို့နယ်၊ နှာခေါင်းပေါက်အနီး တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ရေတပ်စစ်သင်္ဘောက အဆိုပါဒေသခံ ၃ ဦးစလုံးကို ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
“သူတို့ ၃ ယောက်ကို ဖမ်းပြီး သင်္ဘောပေါ်မှာ ဝိုင်းထိုးကြိတ်ကြတာ။ ရင်ဘတ်တွေလည်း ပြေးကန်တယ် ပြောတယ်။ ပြီးမှ သူတို့လှေတွေကို ပြန်မပေးဘဲ ဒီတိုင်း ရေကူးပြီး ပြန်ခိုင်းတာလို့ ပြောတယ်။ သူတို့ ၃ ယောက်ထဲက တယောက်ကတော့ တခြားလှေနဲ့ တွေ့ပြီး အသက်ရှင်တယ်။ ကျန် ၂ ယောက်ကတော့ ပျောက်နေတယ်” လို ဒေသခံတဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးရိုက်နှက်ခံရသူတွေဟာ မြေပုံမြို့နယ်၊ အုန်းချောင်းကျေးရွာက အသက် ၂၇ နှစ်အရွယ် ကိုကုတ်ကုတ်ချေ၊ အသက် ၃၃ နှစ်အရွယ် ကိုမြင့်မောင်ဆန်းနဲ့ အသက် ၂၃ နှစ်အရွယ် ကိုရဲလင်းအောင်တို့ ဖြစ်တယ်လို့ သိရပါတယ်။
အသက် ၂၇ နှစ်အရွယ် ကိုကုတ်ကုတ်ချေ ဆိုသူကတော့ တခြားငါးဖမ်းလှေနဲ့ တွေ့ပြီး ကယ်ဆယ်ခံရတာကြောင့် အသက်ရှင်ခဲ့ပေမယ့် ကျန် ၂ ဦးဖြစ်တဲ့ ကိုမြင့်မောင်ဆန်းနဲ့ ကိုရဲလင်းအောင် တို့ကိုတော့ လက်ရှိအချိန်ထိ ရှာမတွေ့သေးဘဲ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
မြို့တော် News Channel