မြစ်ကြီးနားမြို့လယ်ခေါင်က ရွှေပန်းတိမ်ဆိုင်ပိုင်ရှင်ကို ရိုက်နှက်ပြီး လုယက်ဖို့ကြိုးစားခဲ့သူ ၃ ဦး ဖမ်းဆီးခံရ
စက်တင်ဘာ ၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဈေး(၁)အနီးက 'ရွှေစည်တော်'ရွှေပန်းတိမ်ဆိုင်မှာ ဆိုင်ရှင်အမျိုးသမီးကို ရိုက်နှက်ကာ လုယက်ခဲ့မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၂ ရက်နေ့ မနက်ပိုင်း ၈ နာရီခွဲခန့်က 'ရွှေစည်တော်'ရွှေပန်းတိမ်ဆိုင်ကို အမျိုးသမီးတဦးနဲ့ အမျိုးသားတဦးက အတိုးငွေ လာရောက်ပေးသွင်းရင်းနဲ့ ဆိုင်ရှင်ကိုရိုက်နှက်ပြီး ဓားနဲ့ထောက်ကာ လုယက်မှုဖြစ်ခဲ့တာလို့ သိရပါတယ်။
"အရင်ရက်က အဲ့ဒီအမျိုးသမီးနဲ့ အမျိုးသားက ရွှေလာပေါင်ဖူးတယ်၊ အဲ့တာကို အတိုးသတ်ဖို့ဆိုပြီး ဒီနေ့လာတာ၊ ကြိုတင်ကြံစည်ထားတာလားတော့ မသိဘူး၊ အဲ့အမျိုးသမီးက ဆိုင်ရှင်ရဲ့ခေါင်းကိုရိုက်ပြီး လုဖို့လုပ်တယ်၊ အမျိုးသားဖြစ်သူက ဓားနဲ့ထိုးဖို့လုပ်တာ" လို့ ဒေသခံတဦးက ပြောပါတယ်။
ရိုက်နှက်ခံရတဲ့ ဆိုင်ရှင်အမျိုးသမီးမှာ ဦးခေါင်းဒဏ်ရာရရှိခဲ့လို့ ဆေးရုံကို ပို့ဆောင်ကုသခဲ့ရကာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမှာမရှိကြောင်းနဲ့ အဆိုပါဓားပြတိုက်မှုမှာ ပါဝင်တဲ့အမျိုးသားဟာ ရေစင်ဈေးတွင် ငါးရောင်းသူတဦးဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူ အမျိုးသားနှင့် အမျိုးသမီးအပါအဝင် ကြံရာပါတဦး စုစုပေါင်း ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
အခင်းဖြစ်ပွားရာနေရာဟာ မြစ်ကြီးနားမြိုမဈေးအနီး လူစည်ကားရာနေရာ ဖြစ်တယ်လို့သိရကာ မြစ်ကြီးနားမြို့မှာ ခုလို ဓားပြတိုက်လုယက်မှု၊ ဆိုင်ကယ်လုယက်မှုနဲ့ နေအိမ်ဖောက်ထွင်းခိုးယူမှုတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့လည်း သိရပါတယ်။
မြို့တော် News Channel