မုဒုံမှာ တရက်တည်း ပစ်ခတ်မှု ၂ ကြိမ် ဖြစ်ပွားပြီး အရပ်သား ၁ ဦး စိုးရိမ်ရ
နိုဝင်ဘာ ၁၈
မွန်ပြည်နယ်၊ မုဒုံမြို့နယ်မှာ မနေ့ကတနေ့တည်း အရပ်သား ၁ ဦးနဲ့ အာဏာသိမ်းစစ်အုပ်စု လက်အေက်ခံ ရဲတပ်သား ၁ ဦး ပစ်ခတ်ခံရမှု ၂ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၁၇ ရက်နေ့၊ မနေ့က မုဒုံမြို့၊ မြို့မ(၂) ရပ်ကွက်၊ အဲမွန်ဒရာရပ်၊ မြန်မာ့ဆက်သွယ်ရေးရုံး၊ မုဒုံမြို့အဝင် ဘီးခွန်ကောက်ခံတဲ့ဂိတ်နဲ့ ဖားအောက်တောရ ကျောင်းအဝင် လမ်းဝအနီးမှာ ဒူးရင်းခြံရေလောင်းပြီး ပြန်လာတဲ့ ဝက်တဲကျေးရွာက အမျိုးသားတဦး သေနတ်နဲ့ အနီးကပ် ပစ်ခတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
“Vigo ကားနဲ့ ဆိုင်ကယ်ဘေးနားကနေ ကပ်ပစ်သွားတာ၊ ကျည်က ခါးကနေဝင်ပြီး ဗိုက်အရှေ့ကို ဖောက်သွားတယ်၊ စိုးရိမ်ရတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
ပစ်ခတ်ခံရသူဟာ ဝက်တဲကျေးရွာက မျိုးသူရအောင် ဆိုသူဖြစ်တယ်လို့ သိရပြီး လတ်တလောမှာ စိုးရိမ်ရတဲ့ အခြေအနေနဲ့ ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။
အလားတူ အာဏာသိမ်းစစ်အုပ်စုရဲ့ လက်အောက်ခံ ကမာဝက်နယ်မြေရဲစခန်းက ရဲတပ်တပ်သားတဦး နိုဝင်ဘာ ၁၇ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်က ကမာဝက်မြို့၊ ဗိုလ်ချုပ်လမ်းမပေါ်၊ ဆေးရုံအနောက်ဘက် ၃ အိမ်ကျော်ခန့်မှာ ဈေးဝယ်နေချိန် ဆိုင်ကယ်နဲ့ ရောက်လာပြီး သေနတ်နဲ့ ပစ်ခတ် ရှင်းလင်းခံခဲ့ရတယ်လို့ သိရပါတယ်။
“ရဲတပ်သား ဆန်းလွင်ဦးက စျေးဝယ်နေတာကို ဆိုင်ကယ်နဲ့ လာပစ်တာ၊ တခြားပုဂ္ဂိုလ်ရေးကိစ္စတွေလည်းရှိတယ်၊ အဓိကက ပေါ်တာဆွဲတဲ့ကိစ္စတွေ ပါမယ်” လို့ ဒေသခံတဦးက သုံးသပ်ပြောဆိုပါတယ်။
ပစ်ခတ်ခံရတဲ့ ရဲတပ်သား ဆန်းလွင်ဦးနဲ့ မျိုးသူရအောင်တို့ကို မော်လမြိုင် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပြီး ရဲတပ်သားဖြစ်သူကတော့ ရှပ်ထိဒဏ်ရာသာ ရခဲ့တာကြောင့် မစိုးရိမ်ရဘဲ အရပ်သား မျိုးသူရအောင်ကတော့ ဒဏ်ရာပြင်းထန်လို့ စိုးရိမ်ရတယ်လို့ သိရပါတယ်။
မြို့တော် News Channel