ဩဂုတ် ၁ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
၂၀၂၆ ခုနှစ် ဩဂုတ် ၁ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ရှေ့နောက်မညီ ပြောနေတဲ့ မင်းအောင်လှိုင်ကို စိတ်မနှံ့သူလို့ လူငယ်တွေ ဝေဖန်၊ အပျော်အပါးမှာ စစ်ဗိုလ်ချုပ်နဲ့ ခရိုနီတွေရဲ့ သားသမီးတွေသာဖြစ်ကြောင်း ထောက်ပြ
ဩဂုတ် ၁
တိုင်းပြည်ရဲ့ အနာဂတ်ဖြစ်တဲ့ လူငယ်တွေကို တစ်ဖက်မှာ စစ်မြေပြင်ဆီ အဓမ္မ စစ်မှုထမ်းခိုင်းပြီး ပညာရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖျက်ဆီးထားပေမဲ့ တခြားတစ်ဖက်မှာတော့ လူငယ်တွေ ပညာတတ်အောင် မကြိုးစားဘဲ၊ အပျော်အပါးမက်ကာ ပြည်ပဆီ ထွက်ခွာနေလို့ တိုင်းပြည် ထိခိုက်တယ်ဆိုပြီး ရှေ့နောက်မညီ ပြောဆိုနေတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စကားတွေအပေါ် စိတ်မနှံ့သူရဲ့ ပြောဆိုချက်အဖြစ် လူငယ်တွေက ပြင်းပြင်းထန်ထန် ဝေဖန်နေပါတယ်။
ဒါ့အပြင် လူငယ်တွေ အပျော်အပါး လျှော့ဖို့ ပြောဆိုချက်ဟာ အမှန်တကယ်တော့ စစ်တပ်နဲ့ ပတ်သက်တဲ့ အရာရှိကြီးတွေရဲ့ သားသမီးတွေနဲ့ ခရိုနီတွေရဲ့ သားသမီးတွေကသာ နိုက်ကလပ်တွေ၊ ဘားတွေမှာ မူးယစ်ဆေးဝါးတွေနဲ့အတူ ညလုံးပေါက် အပျော်အပါး လုပ်နေကြတာဖြစ်ကြောင်း ထောက်ပြကြပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဇူလိုင်လ နောက်ဆုံးအပတ် သူ့ရဲ့ ခရီးစဉ်တွေနဲ့ ပွဲတက်အခမ်းအနားတွေမှာ လူငယ်တွေအနေနဲ့ ကိုယ့်ဘဝအတွက် ကြိုးစားကြဖို့၊ ပညာတတ်အောင် လုပ်ကြဖို့၊ စည်းကမ်းရှိပြီး အပျော်အပါး လျှော့ဖို့ ပြောဆိုခဲ့တဲ့အပြင် လူငယ်တွေ ပြည်ပထွက်ခွာမှုကြောင့် ပြည်တွင်းမှာ ကျွမ်းကျင်လုပ်သား ရှားပါးကာ နိုင်ငံရဲ့ စီးပွားရေး ထိခိုက်ရတယ်ဆိုပြီး ပြည်ပထွက်သူတွေကို အပြစ်ဖို့ ပြောဆိုခဲ့ပါတယ်။
“ပြည်တွင်းမှာ ဘာမှ အနာဂတ်မရှိလို့ ပြည်ပထွက်ပြီး ကြိုးစားတဲ့လူငယ်တွေကျတော့ ပြည်တွင်းမှာ မနေကြလို့ လုပ်သားရှားတယ်။ တိုင်းပြည်နာတယ်တဲ့။ ပြည်တွင်းက လူငယ်တွေကျတော့ မတရားစစ်မှုထမ်းခိုင်း၊ ပြည်တွင်းမှာ အလုပ်တွေ ရှားပါးလာအောင် သူတို့ပဲ လုပ်နေကြတာ။ ဆိုတော့ ကြိုးစားတဲ့သူလဲ အပြစ်ကဖြစ်ပြန်ရော။ ပြည်ပရောက် လူငယ်တွေကိုလည်း သူတို့အလွတ်မပေးပါဘူး။ အကုန်အခက်တွေ့အောင် လုပ်နေကြတာ”လို့ ထိုင်းရောက် မြန်မာလူငယ်တစ်ဦးက မြို့တော်ကို ပြောပါတယ်။
ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ရဲ့ အစီရင်ခံစာတွေ အပါအဝင် လက်တွေ့ ပကတိ အခြေအနေတွေမှာတော့ လူငယ်တွေ ပြည်ပဆီ မဖြစ်မနေ ထွက်ခွာနေရတာဟာ ၂၀၂၁ အာဏာသိမ်းမှုအလွန် တိုင်းပြည်ရဲ့ လုံခြုံရေး ပျက်စီးလာတာ၊ စီးပွားရေး ပြိုလဲတာ၊ အဓမ္မ စစ်မှုထမ်းဥပဒေကြောင့် အသက်အန္တရာယ် စိုရိမ်ရတာနဲ့ အနာဂတ် အခွင့်အလမ်းတွေ ပျောက်ဆုံးသွားတာတွေကြောင့် ဖြစ်ပါတယ်။
"တိုင်းပြည်ကို ကိုယ်တိုင် ဖျက်ဆီး၊ ပညာရေးကို ကိုယ်တိုင် ရိုက်ချိုးပြီး လူငယ်တွေကို စစ်မြေပြင်မှာ အသေခံခိုင်းနေတာ သူတို့ကိုယ်တိုင်ပါ။ ဒါတွေကို မသိချင်ယောင်ဆောင်ပြီး လူငယ်တွေ မကြိုးစားလို့၊ စည်းကမ်းမရှိလို့ ဆိုပြီး ပြောနေတာဟာ လက်တွေ့နဲ့ လုံးဝ ကင်းကွာနေတဲ့ စိတ်မနှံ့သူတစ်ယောက်ရဲ့ စကားတွေပဲ ဖြစ်တယ်"လို့ မရမ်းကုန်းနေ လူငယ်တစ်ဦးက မြို့တော်ကို ပြောပါတယ်။
ဒါ့အပြင် "အပျော်အပါး လျှော့ဖို့ ပြောချင်ရင် ကိုယ့်စစ်တပ်က ဗိုလ်ချုပ်သားသမီးတွေနဲ့ ခရိုနီသားသမီးတွေကို အရင် ပြောသင့်တယ်။ အခု ရန်ကုန်မှာ ဖွင့်နေတဲ့ ဘားတွေ၊ ကလပ်တွေမှာ ညတိုင်း ဒေါ်လာထောင်ချီ သုံးပြီး မူးယစ်ဆေးတွေနဲ့ ပါတီလုပ်နေတာ စစ်ဗိုလ်ချုပ်တွေနဲ့ ခရိုနီတွေရဲ့ သားသမီးတွေ၊ အောက်ဆွဲတွေချည်းပဲ။ သာမန်ပြည်သူ လူငယ်တစ်ယောက်အတွက် အခုကာလမှာ စားဝတ်နေရေး ရုန်းကန်နေရတဲ့အပြင် စစ်မှုထမ်းရမှာကိုပဲ ကြောက်နေရတာ၊ အပျော်အပါးဆိုတာ ဝေးရော"လို့ သူက ဆက်ပြောပါတယ်။
စစ်ခေါင်းဆောင်ဟာ တိုင်းပြည် ပျက်စီးယိုယွင်းရတဲ့ အဓိက အကြောင်းအရင်းဖြစ်တဲ့ စစ်အာဏာသိမ်းမှုကို ဖုံးကွယ်ဖို့အတွက် ပြဿနာရဲ့ အကျိုးဆက်အဖြစ် ဖြစ်ပေါ်လာတဲ့ လူငယ်တွေ ပြည်ပထွက်ခွာမှုကို လူငယ်တွေရဲ့ ပုဂ္ဂလဆိုင်ရာ လျစ်လျူရှုမှု၊ အပျော်အပါးမက်မှုစတဲ့ အချက်တွေကြောင့် ဖြစ်တယ်ဆိုပြီး ပြောင်းပြန်လှန် ပုံဖော်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
မြို့တော် News Channel
၂၀၂၆ ခုနှစ် ဩဂုတ် ၁ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
မိုးလေဝသ
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေပြည်တော်အတွင်းမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ပုဗ္ဗသီရိမြို့နယ်ရှိ လူနေအိမ်တွေနှင့် ဥတ္တရသီရိမြို့နယ်ရှိ ဆေးရုံတွေမှာ ဇူလိုင် ၃၁ ရက်နေ့ မနေ့က ညပိုင်းမှာ ရေဝင်ရောက်မှုတွေ…
ပြည်တွင်းသတင်း
မန္တလေး-ရန်ကုန် ခရီးစဉ်ပြေးဆွဲပေးနေရှိတဲ့ အမှတ်(၆) DEMU လူစီးအမြန် ရထားတွဲဆိုင်းကို ခဲနဲ့ ပေါက်ခဲ့တဲ့ နေပြည်တော်၊ လယ်ဝေးမြို့နယ်က လူငယ် ၂ ဦးကို ဖမ်းဆီးရမိပြီး ရထားပို့ဆောင်ရေးလုပ်ငန်း…
ပြည်သူ ၂ ဦးကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့သူကို ဂန့်ဂေါမြို့နယ်(ပလဖ)က ထောင်ဒဏ် ၁၅ နှစ်ချမှတ်တဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့သတင်းများ…