NATO ရဲ့ စစ်ဘက်သုံးလောင်စာစီမံကိန်းဟာ စစ်ပွဲအတွက် ပြင်ဆင်နေတာဖြစ်ကြောင်း မြောက်ကိုရီးယား စွပ်စွဲ
ဩဂုတ် ၁
ဥရောပတစ်ခွင် စစ်ရေးဆိုင်ရာ လောင်စာဆီ အခြေခံအဆောက်အအုံတွေ တိုးချဲ့တည်ဆောက်နေတာဟာ စစ်ပွဲအတွက် ပြင်ဆင်နေတာဖြစ်ပြီး NATO အဖွဲ့ဟာ စစ်ကို ပိုမိုလိုလားတဲ့ အုပ်စုတစ်ခု ဖြစ်လာနေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲပြစ်တင်လိုက်ပါတယ်။
KCNA သတင်းဌာနရဲ့ ဖော်ပြချက်အရ NATO အဖွဲ့ရဲ့ လောင်စာဆီထောက်ပံ့မှု ကွင်းဆက်စွမ်းရည် စီမံကိန်း (Fuel Supply Chain Capability Programme Plan) ဟာ အနောက်ဥရောပမှာရှိတဲ့ ကီလိုမီတာ ၁,၀၀၀ (မိုင် ၆,၂၀၀) နီးပါးရှည်လျားတဲ့ လောင်စာဆီကွန်ရက်ကို အရှေ့ဥရောပနဲ့ မြောက်ဥရောပရှိ အဖွဲ့ဝင်သစ်နိုင်ငံတွေနဲ့ ချိတ်ဆက်မှာဖြစ်တယ်လို့ မြောက်ကိုရယားက ဆိုပါတယ်။
ဒါပေမဲ့ အဆိုပါစီမံကိန်းဟာ ဥရောပပြင်ပအထိ ဖြစ်ပွားလာနိုင်တဲ့ ပဋိပက္ခတွေကို ထောက်ပံ့ဖို့ ရည်ရွယ်တာဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ KCNA အနေနဲ့ ခိုင်လုံတဲ့ သက်သေအထောက်အထား တစ်စုံတစ်ရာတော့ ဖော်ပြထားခြင်း မရှိပါဘူး။
NATO အဖွဲ့ကတော့ ၂၀၂၂ ခုနှစ်မှာ ရုရှားက ယူကရိန်းကို ကျူးကျော်ဝင်ရောက်မှုအပြီးမှာ စစ်ဟန့်တားရေးနဲ့ ကာကွယ်ရေးစွမ်းရည်တွေကို တိုးမြှင့်ဆောင်ရွက်နေတယ်လို့ ပြောဆိုထားပါတယ်။
မြောက်ကိုရီးယားဟာ အမေရိကန်၊ တောင်ကိုရီးယားနဲ့ NATO အဖွဲ့ဝင်နိုင်ငံတွေ အပါအဝင် အခြားနိုင်ငံတွေအကြား ပြုလုပ်တဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကို အမြဲမပြတ် ပြစ်တင်ရှုတ်ချလေ့ ရှိပါတယ်။
တစ်ဖက်မှာတော့ မြောက်ကိုရီးယားနဲ့ ရုရှားတို့ဟာ ၂၀၂၄ ခုနှစ် ဇွန်လမှာ အပြန်အလှန်ကာကွယ်ရေး ကတိကဝတ် ပါဝင်တဲ့ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးစာချုပ် လက်မှတ်ရေးထိုးပြီးနောက် စစ်ရေးအရ ဆက်ဆံရေး ပိုမိုနက်ရှိုင်းလာနေပါတယ်။
၂၀၂၄ ခုနှစ်အတွင်း ယူကရိန်းတပ်ဖွဲ့တွေက ရုရှားနိုင်ငံ ကာ့စ်ခ်ဒေသကို အကြီးအကျယ် ထိုးဖောက်တိုက်ခိုက်ခဲ့ချိန်မှာ ရုရှားတပ်ဖွဲ့တွေကို ကူညီဖို့ မြောက်ကိုရီးယားက တပ်ဖွဲ့ဝင် ၁၄,၀၀၀ ခန့် စေလွှတ်ခဲ့ပါသေးတယ်။
Ref & Photo; Reuters
မြို့တော် News Channel