မုန်တိုင်းနောက်ဆက်တွဲ မုတ်သုံလေအားကောင်းမှုကြောင့် မြန်မာနိုင်ငံတစ်ဝန်း မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးသက်လေပြင်းကျရောက်နိုင်တယ်လို့ဆို
ဇူလိုင် ၆
အိန္ဒိယ မိုးလေဝသဌာန (IMD) ရဲ့ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှ ရွေ့လျားခဲ့တဲ့ မုန်တိုင်းငယ်ဟာ ဇူလိုင်လ ၆ ရက် ဒီကနေ့ မြန်မာစံတော်ချိန် မနက် ၆ နာရီ မိနစ် ၃၀ ခန့်မှာ အိန္ဒိယနိုင်ငံ ဂျားခမ်းပြည်နယ် တောင်ပိုင်းနှင့် ၎င်းနှင့်ကပ်လျက် ဩဒိဿပြည်နယ် မြောက်ပိုင်းပေါ်မှာ ဗဟိုပြုနေတယ်လို့ ဆိုပါတယ်။
မုန်တိုင်းငယ်ဟာ လာမယ့် ၂၄ နာရီအတွင်း အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး အိန္ဒိယကုန်းတွင်းပိုင်းသို့ ပိုမိုဝင်ရောက်သွားပေမယ့် ပင်လယ်အော်အတွင်း ကျန်ရှိနေတဲ့ မုန်တိုင်းရဲ့ နောက်ဆက်တွဲ အရှိန်သက်ရောက်နေမှုကြောင့် တိမ်တိုက်တွေဟာ မြန်မာနိုင်ငံဘက်သို့ မုတ်သုံလေကို အားကောင်းစွာ ဆွဲသွင်းပေးနေတယ်လို့ ဆိုပါတယ်။
ထိုင်းမိုးလေဝသဌာန (TMD) ရဲ့ ထုတ်ပြန်ချက်အရ မုန်တိုင်းဟာ ဇူလိုင်လ ၆ ရက် ဒီကနေ့ မနက်ပိုင်းမှာ အပူပိုင်း မုန်တိုင်းအဆင့်မှ အပူပိုင်းမုန်တိုင်းငယ် အဖြစ်သို့ အားလျော့သွားခဲ့ပြီး တရုတ်နိုင်ငံ ကွမ်ရှီးဒေသသို့ ရောက်ရှိနေပြီး မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားရင်း တရုတ်နိုင်ငံ တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့ ပျက်ပြယ်သွားမယ်လို့ ခန့်မှန်းထားပါတယ်။
မြန်မာနိုင်ငံအပေါ် သွယ်ဝိုက်သက်ရောက်နိုင်တဲ့ မိုးလေဝသ အခြေအနေကတော့ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ တိမ်တိုက်တွေ အားကောင်းစွာ ဖုံးလွှမ်းနေပြီး အထူးသဖြင့် ကမ်းရိုးတန်းနှင့် မြောက်ပိုင်းဒေသတွေမှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းနိုင်မယ့် အခြေအနေ မြင့်မားနေတယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းသုံးသပ်ထားပါတယ်။
လာမယ့် ဇူလိုင်လ ၇ ရက်နေ့မှ ဇူလိုင်လ ၁၁ ရက်နေ့အထိ ၅ ရက်တာ ကာလအတွင်း မိုးရွာသွန်းနိုင်မှု ခန့်မှန်းချက်အနေနဲ့ ရခိုင်ပြည်နယ်မှာ မိုးရေချိန် ၂၀၀ မှ ၄၅၀ မီလီမီတာကျော်အထိ ရရှိနိုင်ကာ ကမ်းရိုးတန်းနှင့် မြောက်ပိုင်းဒေသတွေမှာ မိုးအလွန်များပြီး ရက်ဆက်မိုးသည်းထန်နိုင်တယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း (အထက်ပိုင်း)မှာ မုတ်သုံလေပင့်တင်မှု အားကောင်းတာကြောင့် မိုးရေချိန် ၂၂၀ မှ ၃၂၀ မီလီမီတာအထိ မိုးအလွန်များကာ ရက်ဆက်မိုးကြီးနိုင်ပြီး ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ မိုးရေချိန် ၁၅၀ မှ ၂၈၀ မီလီမီတာအထိ တောင်တန်းဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းနိုင်တယ်လို့ ဆိုပါတယ်။
ကျန်ရှိတဲ့ တိုင်းနှင့် ပြည်နယ်တွေဖြစ်တဲ့ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းတို့မှာ မိုးအသင့်အတင့်မှ မိုးကောင်းမယ့် အခြေအနေရှိနေပြီး ဧရာဝတီတိုင်းမှာ မိုးသက်လေပြင်းများပါ ကျရောက်နိုင်တယ်လို့ ဆိုပါတယ်။
ရှမ်းပြည်နယ် (တောင်ပိုင်း/မြောက်ပိုင်း)၊ စစ်ကိုင်းတိုင်း (အောက်ပိုင်း)နှင့် နေပြည်တော်တို့မှာ မိုးအနည်းငယ်မှ အသင့်အတင့်သာ ရှိနိုင်ပြီး မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) နှင့် ကရင်နီပြည်နယ်တို့မှာ မိုးရေချိန် ၁၅ မီလီမီတာမှ ၆၅ မီလီမီတာ အတွင်းသာ ရရှိနိုင်တယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းသုံးသပ်ထားပါတယ်။
မြို့တော် News Channel