တရုတ်ကွန်မြူနစ်ပါတီအတွင်း သစ္စာခံမှုကို အဓိကထားပြီး စည်းကမ်းနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ပိုတင်းကျပ်မယ်လို့ဆို
နိုဝင်ဘာ ၂
တရုတ်ကွန်မြူနစ်ပါတီ (CPC) က ပါတီတွင်း စည်းကမ်းတွေ ပိုမိုတင်းကျပ်ရေး တရားဝင်ဆုံးဖြတ်ချက်မှာ ပါတီအပေါ် သစ္စာစောင့်သိမှုကို အဓိက ဦးစားပေးအဖြစ် သတ်မှတ်လိုက်ပြီး၊ ပါတီတွင်းက စည်းကမ်းထိန်းသိမ်းရေးနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ဖိအားပေး ပိုမိုတင်းကျပ်သွားမယ်လို့ ကြေညာလိုက်ပါတယ်။
အောက်တိုဘာ ၂၉ ရက်က အကျဉ်းချုပ် အတည်ပြုခဲ့ပြီး နိုဝင်ဘာ ၁ ရက်မှာ နိုင်ငံပိုင် ဆင်ဟွာသတင်းဌာက ထုတ်ပြန်တဲ့ အရာရှိတွေရဲ့ ရာထူးတိုးမြှင့်ခန့်အပ်မှုမှာ ပါတီအပေါ် သစ္စာခံမှုကို အဓိကထားစိစစ်သွားမှာဖြစ်သလို ကိုယ်ကျင့်တရား၊ လူမှုဆက်ဆံရေးနဲ့ မိသားစုဝင်တွေရဲ့ စီးပွားရေးလုပ်ငန်းတွေကိုပါ စောင့်ကြည့်စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။
သမ္မတ ရှီကျင့်ဖျင် နောက်ထပ် ၅ နှစ်သက်တမ်း ထပ်မံရယူဖွယ်ရှိတဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ မတိုင်မီ ထွက်ပေါ်လာတဲ့ ဒီဆုံးဖြတ်ချက်ဟာ ပါတီခေါင်းဆောင်ပိုင်းက အရာရှိတွေကို ရာထူးသက်တမ်းတလျှောက်လုံး စောင့်ကြည့်စစ်ဆေးသွားဖို့ တိုက်တွန်းထားပါတယ်။
အထူးသဖြင့် အရာရှိတွေရဲ့ ပိုင်ဆိုင်မှုနဲ့ မိသားစုဝင်တွေရဲ့ စီးပွားရေးလုပ်ငန်းတွေကို စိစစ်မှာဖြစ်သလို၊ ကိုယ်စားလှယ်အမည်ခံ ရှယ်ယာထားရှိတာ၊ ခရစ်ပတိုငွေကြေးနဲ့ နည်းပညာသုံး နိုင်ငံဖြတ်ကျော် အဂတိလိုက်စားမှုတွေကိုပါ အဓိက ပစ်မှတ်ထား နှိမ်နင်းသွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အောက်ခြေအဆင့်တွေမှာ လူပုဂ္ဂိုလ်တဦးတည်းက အာဏာလွှမ်းမိုးတာမျိုးကို တားမြစ်ထားပေမဲ့၊ ဗဟိုခေါင်းဆောင်ပိုင်းမှာတော့ သမ္မတ ရှီကျင့်ဖျင် ရဲ့ “အဓိကခေါင်းဆောင်” အခန်းကဏ္ဍကို အခိုင်အမာ ကာကွယ်သွားကြဖို့ ညွှန်ကြားထားပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်ကတော့ ပါတီအတွင်း အုပ်ချုပ်မှုနဲ့ စည်းကမ်းထိန်းသိမ်းရေးကို အပြည့်အဝ တင်းကျပ်စွာ ဆက်လက်လုပ်ဆောင်ပြီး ပါတီရဲ့ ပုံရိပ်ကို ထိခိုက်စေတဲ့ ပြဿနာတွေကို အဆက်မပြတ် ဖယ်ရှားမှသာ ပါတီရဲ့ မူလသဘောသဘာဝ၊ ခံယူချက်နဲ့ စရိုက်လက္ခဏာတွေကို ထိန်းသိမ်းနိုင်မှာဖြစ်သလို တရုတ်နိုင်ငံရဲ့ ကွန်မြူနစ်စနစ်ကိုလည်း မျိုးဆက်တဆက်ပြီးတဆက် လက်ဆင့်ကမ်းနိုင်မှာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
Ref & Photo: The Reuters
မြို့တော် News Channel