ဟောလိဝုဒ် ရုပ်ရှင်ထုတ်လုပ်သူဟောင်း ဟာဗေး ဝိန်းစတိန်း လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံရ
စက်တင်ဘာ ၂၄
ဟောလိဝုဒ် ရုပ်ရှင်ထုတ်လုပ်သူဟောင်း ဟာဗေး ဝိန်းစတိန်းကို ၂၀၀၆ ခုနှစ်က ရုပ်ရှင်ထုတ်လုပ်ရေးလက်ထောက်ဟောင်း မီရိယမ် ဟေလီ ကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့မှုအတွက် နယူးယောက်တရားရုံးက စက်တင်ဘာ ၂၃ ရက်နေ့မှာ ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်ပါတယ်။
အသက် ၇၄ နှစ်အရွယ် ဝိန်းစတိန်းဟာ ၂၀၀၆ ခုနှစ်က မန်ဟက်တန်ရှိ သူ့ရဲ့တိုက်ခန်းမှာ ရုပ်ရှင်ထုတ်လုပ်ရေးလက်ထောက်ဟောင်း မီရိယမ် ဟေလီကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့မှုအတွက် ၂၀၂၅ ခုနှစ် ဇွန်လက ပြန်လည်စစ်ဆေးမှုအတွင်း ပထမအဆင့် လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဝိန်းစတိန်းဟာ ၂၀၂၀ ခုနှစ်ကလည်း ဟေလီအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ သရုပ်ဆောင်ဖြစ်ဖို့ ကြိုးပမ်းနေတဲ့ ဂျက်စီကာမန်း အပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေနဲ့ ထောင်ဒဏ် ၂၃ နှစ် ချမှတ်ခံခဲ့ရပေမယ့် ၂၀၂၄ ခုနှစ်မှာ နယူးယောက်ပြည်နယ် အမြင့်ဆုံးတရားရုံးက အဲဒီစီရင်ချက်ကို ပယ်ဖျက်ခဲ့ပါတယ်။
၂၀၂၅ ခုနှစ် ပြန်လည်စစ်ဆေးမှုမှာ ဟေလီနဲ့ ပတ်သက်တဲ့ စွဲချက်မှာ အပြစ်ရှိကြောင်း ဂျူရီလူကြီးတွေက ဆုံးဖြတ်ခဲ့ပေမယ့် ဂျက်စီကာမန်းနဲ့ ပတ်သက်တဲ့ စွဲချက်မှာတော့ ဆုံးဖြတ်ချက် မချနိုင်ခဲ့ပါဘူး။
ဝိန်းစတိန်းကတော့ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တာနဲ့ သဘောတူညီမှုမရှိဘဲ လိင်ဆက်ဆံခဲ့တာတွေကို ငြင်းဆိုထားပါတယ်။
ဒါ့အပြင် ဝိန်းစတိန်းဟာ ကယ်လီဖိုးနီးယားပြည်နယ်မှာလည်း ၂၀၂၂ ခုနှစ်က လိင်ပိုင်းဆိုင်ရာ ပြစ်မှုတွေနဲ့ ထောင်ဒဏ် ၁၆ နှစ် ချမှတ်ခံထားရပါတယ်။
ဝိန်းစတိန်းရဲ့ အပြစ်ရှိကြောင်း စီရင်ချက်ဟာ အာဏာရှိတဲ့ အမျိုးသားတွေရဲ့ လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုမှု စွပ်စွဲချက်တွေကို အမျိုးသမီးတွေ ထုတ်ဖော်ပြောဆိုလာဖို့ အားပေးခဲ့တဲ့ #MeToo လှုပ်ရှားမှုအတွက် အရေးပါတဲ့ သမိုင်းမှတ်တိုင်တစ်ခု ဖြစ်ခဲ့ပါတယ်။
Ref & Photo; Reuters
မြို့တော် News Channel