FMI အိမ်ရာမှာ အဆောင်မှူးက ဓားနဲ့ထိုးလို့ အိမ်ရာလုံခြုံရေးတာဝန်ခံ သေဆုံး
ဇူလိုင် ၂၅
ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့)မြို့နယ်၊ FMI အိမ်ရာ၊ ဂိတ် ၃ ပေါက်အနီးမှာ အိမ်ရာလုံခြုံရေး တာဝန်ဆောင်ရွက်နေသူ လူငယ်တဦး ဓားထိုးခံရပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင်လ ၂၄ ရက် မနေ့က နေ့လယ် ၁၂ နာရီ ၁၀ မိနစ်ခန့်က လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ FMI အိမ်ရာ၊ ဂိတ် ၃ ပေါက်မှာ ပုဂ္ဂလိက အိမ်ရာလုံခြုံရေးဝန်ထမ်း အသက် ၂၉ နှစ်အရွယ်ရှိ ကိုအောင်ဖြိုးဦးနဲ့ အဆောင်မှူးဖြစ်သူ အသက် ၂၅ နှစ်အရွယ်ရှိ ကိုဟိန်းထွဋ်ကျော်တို့ စကားများကြပြီး အသင့်ပါလာတဲ့ဓားနဲ့ လည်ပင်းကို ထိုးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
"ပုဂ္ဂိုလ်ရေးကိစ္စ စကားများကြတာ၊ နှစ်ယောက်လုံးက လူငယ်တွေဆိုတော့ ရန်ဖြစ်ရင်း လည်ပင်းကို ဓားနဲ့ ထိုးတာ၊ တချက်တည်း နေရာမှာပဲ တန်းသေသွားတာ" လို့ အိမ်ရာဝန်းနဲ့ နီးစပ်သူတဦးက မြို့တော်ကို ပြောပါတယ်။
ကိုအောင်ဖြိုးဦးမှာ လည်ပင်းထိုးသွင်းဒဏ်ရာ ၁ ချက်ရရှိခဲ့ကာ အခင်းဖြစ်ပွားရာ နေရာမှာပဲ သေဆုံးသွားခဲ့ပြီး ကျူးလွန်သူ ကိုဟိန်းထွဋ်ကျော် ကလည်း FMI အိမ်ရာဝန်းထဲမှာပဲ အဖမ်းခံခဲ့တယ်လို့ သိရပါတယ်။
မြို့တော် News Channel