နိုင်ငံတကာအခြေအနေ ဘယ်လိုပဲပြောင်းပြောင်း မြောက်ကိုရီးယားနဲ့ ချစ်ကြည်ရေး မပျက်ပြယ်ဘူးလို့ ရှီကျင့်ဖျင် ပြော
ဇူလိုင် ၁၂
နိုင်ငံတကာအခြေအနေ ဘယ်လိုပြောင်းလဲလာပါစေ တရုတ်နဲ့ မြောက်ကိုရီးယားတို့ရဲ့ ရိုးရာမပျက် မိတ်ဖက်ဆက်ဆံရေးအပေါ် ထားရှိတဲ့ တရုတ်နိုင်ငံရဲ့ ကတိကဝတ်တွေကတော့ လုံးဝပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောဆိုလိုက်ပါတယ်။
ဇူလိုင်လ ၁၁ ရက်နေ့မှာ မြောက်ကိုရီးယား အစိုးရပိုင်သတင်းဌာနဖြစ်တဲ့ KCNA ကနေတဆင့် ထုတ်ပြန်ခဲ့တဲ့ ရှီကျင့်ဖျင်နဲ့ ကင်ဂျုံအန်းတို့ အပြန်အလှန်ပေးပို့ခဲ့ကြတဲ့ သဝဏ်လွှာတွေထဲမှာ အခုလို ထည့်သွင်းပြောဆိုခဲ့တာလို့ ဆိုပါတယ်။
ကင်ဂျုံအန်းကလည်း ရှီကျင့်ဖျင်ထံ ပေးပို့တဲ့စာထဲမှာ နှစ်နိုင်ငံကြား ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဟာ မဟာဗျူဟာမြောက် အဆင့်အသစ်တခုကို ရောက်ရှိနေပြီလို့ ဆိုပါတယ်။
ဒီအတောအတွင်း မြောက်ကိုရီးယားဝန်ကြီးချုပ် ပါ့ခ်ထယ်ဆောင်းဟာ တရုတ်-မြောက်ကိုရီးယား ချစ်ကြည်ရေးစာချုပ် ၆၅ နှစ်ပြည့် အခမ်းအနားကို တက်ရောက်ဖို့ ဇူလိုင်လ ၁၁ ရက်နေ့က ဘေကျင်းမြို့ကို ၃ ရက်ကြာ ခရီးစဉ်နဲ့ ရောက်ရှိနေပါတယ်။
ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း ရှီကျင့်ဖျင်ဟာ ခုနစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပြုံယမ်းမြို့ကို သွားရောက်ခဲ့ပြီး ကင်ဂျုံအန်းနဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ ယဉ်ကျေးမှုကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ဖို့ သဘောတူညီခဲ့ပါသေးတယ်။
၁၉၆၁ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့တဲ့ တရုတ်-မြောက်ကိုရီးယား ချစ်ကြည်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးနဲ့ အပြန်အလှန်ကူညီရေး စာချုပ်ဟာ လက်ရှိအချိန်အထိ တရုတ်နိုင်ငံရဲ့ အသက်ဝင်နေဆဲ တစ်ခုတည်းသော အပြန်အလှန်ကာကွယ်ရေး စာချုပ်လည်း ဖြစ်နေပါတယ်။
ရှီကျင့်ဖျင်ကတော့ “နိုင်ငံတကာအခြေအနေတွေ ဘယ်လိုပဲပြောင်းပြောင်း တရုတ်ကွန်မြူနစ်ပါတီနဲ့ တရုတ်အစိုးရအနေနဲ့ တရုတ်-မြောက်ကိုရီးယား ရိုးရာမပျက် မိတ်ဖက်ဆက်ဆံရေးကို ဆက်လက်ပြီး အလေးအနက်ထားသွားမှာ ဖြစ်သလို၊ အထွေထွေအတွင်းရေးမှူးချုပ် ကင်ဂျုံအန်းရဲ့ ဦးဆောင်မှုအောက်မှာရှိတဲ့ မြောက်ကိုရီးယားရဲ့ ဆိုရှယ်လစ်စနစ် တည်ဆောက်ရေးကိုလည်း ခိုင်ခိုင်မာမာ ဆက်လက်ထောက်ခံသွားမှာပါ။ ဒါ့အပြင် နှစ်နိုင်ငံလုံးရဲ့ ဘုံအကျိုးစီးပွားနဲ့ ကောင်းမွန်တဲ့ မဟာဗျူဟာမြောက် ပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ဖို့အတွက်လည်း အပြည့်အဝ ကတိကဝတ်ပြုထားဆဲဖြစ်ပါတယ်” လို့ ပြောဆိုထားပါတယ်။
Ref & Photo; Reuters
မြို့တော် News Channel