နီဒယ်လ် ဟာဆန်ကို ပစ်ခတ်ကွပ်မျက်မယ့် အစီအစဉ် တိုက်ရိုက်ထုတ်လွှင့်သွားမယ်လို့ ပင်တဂွန် အတည်ပြု
အောက်တိုဘာ ၉
၂၀၀၉ ခုနှစ်က ဖော့တ်ဟုဒ် စစ်အခြေစိုက်စခန်းမှာ အမေရိကန်တပ်ဖွဲ့ဝင် ၁၃ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ ကြည်းတပ်စိတ်ရောဂါကု ဆရာဝန်ဟောင်း နီဒယ်လ် ဟာဆန် ကို လာမယ့် ဒီဇင်ဘာ ၃ ရက်နေ့မှာ ပစ်ခတ်ကွပ်မျက်မယ့် ဖြစ်စဉ်ကို တိုက်ရိုက်ထုတ်လွှင့်သွားမယ်လို့ ပင်တဂွန် စစ်ဌာနချုပ်က အတည်ပြုလိုက်ပါတယ်။
ဟာဆန်ကို အမေရိကန်စစ်တပ်ရဲ့ ပစ်ခတ်ရေးတပ်ဖွဲ့နဲ့ ကွပ်မျက်ဖို့ သမ္မတ ဒေါ်နယ်ထရမ့်က ခွင့်ပြုထားတာဖြစ်ပြီး အခုလို ကွပ်မျက်မှုကို တိုက်ရိုက်ထုတ်လွှင့်မယ့် အစီအစဉ်ဟာလည်း မကြုံစဖူး ထူးခြားတဲ့ လုပ်ရပ်တစ်ခု ဖြစ်လာမှာပါ။
ကာကွယ်ရေးဝန်ကြီး ပီတ် ဟက်ဂ်ဆက်သ် က ဟာဆန်ကို အများပြည်သူရှေ့မှောက် ကွပ်မျက်ဖို့ စီစဉ်ထားကြောင်း အောက်တိုဘာ ၈ ရက်မှာ ပြောဆိုခဲ့ပြီးနောက် ပင်တဂွန်တာဝန်ရှိသူတဦးက ကွပ်မျက်မှုကို တိုက်ရိုက်ထုတ်လွှင့်သွားမယ့် အစီအစဉ်ကို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
ဟာဆန်ကို ကွပ်မျက်မယ့်အချိန်ကို ဒီဇင်ဘာ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီအဖြစ် သတ်မှတ်ထားပြီး ၂၀၀၉ ခုနှစ်က ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ဖော့တ်ဟုဒ်စစ်အခြေစိုက်စခန်းမှာပဲ ကွပ်မျက်သွားမယ်လို့ သိရပါတယ်။
ဟာဆန်ကို ပစ်ခတ်ကွပ်မျက်မယ့် အချိန်နဲ့ နေရာကို ရွေးချယ်ရာမှာ ၂၀၀၉ ခုနှစ်က ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ အခြေအနေနဲ့ ကိုက်ညီနေတာကြောင့် ဆုံးဖြတ်ချက်ချဖို့ မခက်ခဲခဲ့ဘူးလို့ ကာကွယ်ရေးဝန်ကြီးက ဆိုပါတယ်။
ဒါ့အပြင် ဟက်ဂ်ဆက်သ်က “အခုလို လုပ်ရပ်မျိုးတွေအတွက် ပြင်းထန်တဲ့ အကျိုးဆက်တွေ ရှိတယ်ဆိုတာကို နားလည်သဘောပေါက်စေဖို့အတွက် အများပြည်သူ ကြည့်ရှုနိုင်အောင် တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာပါ” လို့ ပြောဆိုထားပါတယ်။
ကွပ်မျက်မှုကို တိုက်ရိုက်ထုတ်လွှင့်မယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး သမ္မတ ထရမ့် သဘောတူထားခြင်း ရှိ၊ မရှိကိုတော့ အိမ်ဖြူတော်ဘက်က တရားဝင် ဖြေကြားခြင်းမရှိဘဲ ပင်တဂွန်ထံ စစ်ဌာနချုပ်ကိုသာ မေးမြန်းဖို့ လွှဲပြောင်းထားတယ်လို့ သိရပါတယ်။
Ref & Photo: Reuters
မြို့တော် News Channel