ကုန်ပစ္စည်းပြတ်လပ်မှု မရှိသေးလို့ အလုအယက်ဝယ်ယူတာမျိုး မလုပ်ဖို့ ထိုင်းအစိုးရ တိုက်တွန်း
နိုဝင်ဘာ ၉
နိုင်ငံတချို့မှာ အရေးပေါ် စားနပ်ရိက္ခာတွေ စုဆောင်းနေကြတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ထိုင်းနိုင်ငံအတွင်းမှာတော့ ကုန်စည်ပြတ်လပ်မယ့် အခြေအနေ မရှိသေးတာကြောင့် စိုးရိမ်တကြီး အလုအယက် မဝယ်ကြဖို့ ထိုင်းအစိုးရက တိုက်တွန်းလိုက်ပါတယ်။
လတ်တလော စာရင်းတွေအရ လူသုံးကုန်ပစ္စည်း အရောင်းအဝယ် တက်လာတာ မှန်ပေမယ့်၊ ဒါဟာ ရေဘေးသင့်ဒေသတွေမှာ အရေးပေါ် ဝယ်ယူမှုတွေ၊ လဆန်းပိုင်း လစာရချိန် ငွေသုံးစွဲမှုတွေအပြင် အစိုးရရဲ့ လူမှုဖူလုံရေး ထောက်ပံ့ကြေး အစီအစဉ်တွေကြောင့်သာ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ကုန်ပစ္စည်းလက်ကျန်တွေ လုံလောက်နေသလို ကုန်လှောင်ရုံတွေနဲ့ အအေးခန်းသိုလှောင်စနစ်တွေကို စစ်ဆေးရာမှာလည်း ပုံမှန်မဟုတ်တဲ့ အခြေအနေ မတွေ့ရသေးသလို ဝယ်လိုအားမြင့်တက်လာရင်လည်း ထုတ်လုပ်မှုတိုးမြှင့်ဖို့နဲ့ နိုင်ငံတဝန်း ကုန်ပစ္စည်းဖြန့်ဖြူးဖို့ အသင့်ရှိနေတယ်လို့ ထိုင်းအစိုးရက ဆိုပါတယ်။
၇၂ နာရီစာ အရေးပေါ် ရှင်သန်ရေးပစ္စည်းတွေ ပြင်ဆင်ထားဖို့ အကြံပြုထားတာဟာလည်း သဘာဝဘေးအန္တရာယ် ကြုံလာရင် အသုံးပြုနိုင်ဖို့ နိုင်ငံတကာ စံသတ်မှတ်ချက်အရ ကြိုတင်ပြင်ဆင်ခိုင်းတာသာဖြစ်ပြီး၊ စစ်ဖြစ်တော့မယ့် လက္ခဏာရပ် ဒါမှမဟုတ် ကုန်ပစ္စည်း ပြတ်လပ်တော့မယ့် သတိပေးချက် မဟုတ်ဘူးလို့ ရှင်းလင်းပြောဆိုထားပါတယ်။
ဒါ့အပြင် ကုန်ပစ္စည်းတွေကို သတ်မှတ်ဈေးထက် ပိုတင်ပြီး ရောင်းချတာမျိုး တွေ့ရှိပါက ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာနရဲ့ ဟော့လိုင်းနံပါတ်ကို အချိန်မရွေး ဆက်သွယ် တိုင်ကြားနိုင်တယ်လို့ ထိုင်းအစိုးရက ထုတ်ပြန်ထားပါတယ်။
Ref & Photo: Khaosod
မြို့တော် News Channel