မဲဆောက်မှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေအတွက် ကြားခံဘဏ်အကောင့် စုဆောင်းရောင်းချသူ ၃ ဦးကို ထိုင်းရဲ ဝင်ဖမ်း
နိုဝင်ဘာ ၉
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ဖုန်းဆက်လိမ်လည်တဲ့ Call Center ဂိုဏ်းတွေအတွက် ကြားခံဘဏ်အကောင့်တွေ စုဆောင်းရောင်းချနေသူ အမျိုးသား ၃ ဦးကို ထိုင်းဆိုက်ဘာရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
နိုဝင်ဘာ ၈ ရက်က တာ့ခ်ခရိုင် မဲဆောက်မြို့နယ်ရှိ အဆောက်အအုံတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ရာမှာ အသက် ၃၁ နှစ်ကနေ ၄၂ နှစ်အတွင်းရှိ အမျိုးသား ၃ ဦးကို ဖမ်းမိခဲ့ပြီး ထိုင်းဘဏ် Application တွေ အသင့်ထည့်သွင်းထားတဲ့ လက်ကိုင်ဖုန်း ၄၀ လုံး၊ ဆက်သွယ်ရေးဖုန်း ၄ လုံးနဲ့ စိတ်ကြွဆေးပြား ၂၀ တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ထိုင်းရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်အရ အဆိုပါအမျိုးသား ၃ ဦးဟာ ဘဏ်အကောင့်ဖွင့်ပေးဖို့ လူတွေကို စည်းရုံးပြီး ဘဏ် Application တွေ ထည့်သွင်းကာ အကောင့်ပိုင်ရှင်တွေရဲ့ ကိုယ်ရေးအချက်အလက်နဲ့ လျှို့ဝှက်နံပါတ်တွေကိုပါ ရယူထားခဲ့တယ်လို့ ဆိုပါတယ်။
ဘဏ်အကောင့်လာဖွင့်ပေးသူတွေကို အကောင့်တခုအတွက် ဘတ် ၈,၀၀၀ ကနေ ၁၀,၀၀၀ အထိ ပေးပြီးနောက် အဆိုပါဘဏ်အကောင့်တွေကို ငွေလိမ်ဂိုဏ်းတွေနဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေဆီ ပြန်လည်ရောင်းချကာ ဘဏ်အကောင့်တခုကို ဘတ် ၂,၀၀၀ ကနေ ၃,၀၀၀ အထိ အမြတ်ယူနေကြတာလို့ ဆိုပါတယ်။ ဒါ့အပြင် အဆိုပါလုပ်ငန်းကို လည်ပတ်နေတာ တစ်နှစ်ကျော်ကြာ ရှိပြီလို့ ဆိုပါတယ်။
လက်ရှိမှာ သံသယရှိသူ ၃ ဦးကို အွန်လိုင်းရာဇဝတ်မှုတွေအတွက် အသုံးပြုမယ့် ဘဏ်အကောင့်တွေ စုဆောင်းရောင်းချမှုနဲ့ အမှုဖွင့်ထားပြီး သူတို့ထဲက တဦးကိုတော့ စိတ်ကြွဆေးပြား လက်ဝယ်တွေ့ရှိမှုနဲ့ ထပ်မံအရေးယူထားတယ်လို့ သိရပါတယ်။
Ref & Photo: Khasod
မြို့တော် News Channel