မလေးရှားရောက် ရိုဟင်ဂျာဒုက္ခသည် ၁၀,၀၀၀ ကို တူရကီနိုင်ငံမှာ ပြန်လည်အခြေချနေထိုင်ခွင့်ပေးဖို့ အစိုးရအဖွဲ့ သဘောတူ
နိုဝင်ဘာ ၂၀
မလေးရှားနိုင်ငံမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၀,၀၀၀ ကို တူရကီနိုင်ငံသို့ ပြန်လည်နေရာချထားနိုင်ဖို့အတွက် အဆိုပြုချက်ကို မလေးရှားအစိုးရအဖွဲ့က သဘောတူလိုက်တယ်လို့ မလေးရှား ဒုတိယဝန်ကြီးချုပ်နှင့် ကျေးလက်ဒေသနှင့် ဒေသဖွံ့ဖြိုးရေးဝန်ကြီး အာမက် ဇာဟစ် ဟာမီဒီ (Ahmad Zahid Hamidi) က နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
အဆိုပါအစီအစဉ်အရ ရိုဟင်ဂျာဒုက္ခသည်တွေကို တူရကီနိုင်ငံ မပြောင်းရွှေ့မီ နည်းပညာနဲ့ အသက်မွေးဝမ်းကျောင်းပညာရေးသင်တန်း (TVET) သုံးလမှ ခြောက်လအထိ ပေးအပ်သွားမှာဖြစ်ပြီး သင်တန်းပြီးဆုံးသူတွေကို တူရကီနိုင်ငံမှာ အလုပ်အကိုင်ရရှိကာ အခြေချနေထိုင်နိုင်ရေး စီစဉ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
မလေးရှားအစိုးရရဲ့ နိုင်ငံခြားအလုပ်သမားရေးရာဝန်ကြီး အဖွဲ့ကော်မတီ (JKKPA) ဥက္ကဋ္ဌလည်းဖြစ်သူ အာမက် ဇာဟစ်က မကြာသေးမီက တူရကီနိုင်ငံသို့ တရားဝင်လုပ်ငန်းခရီး သွားရောက်ခဲ့ပြီးနောက် အခုအစီအစဉ်ကို အဆိုပြုခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပြုချက်က မလေးရှားနိုင်ငံအတွင်း ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အခြေအနေကို ပိုမိုစနစ်တကျ၊ ထိရောက်ပြီး လူသားချင်းစာနာ ထောက်ထားမှုရှိတဲ့ နည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ဝာာ ဖြစ်တယ်လို့ ဆိုပါတယ်။
တူရကီအစိုးရက ရိုဟင်ဂျာဒုက္ခသည် ၁၀,၀၀၀ ကို လက်ခံနေရာချထားဖို့ သဘောတူခဲ့တဲ့အပေါ် ကြိုဆိုကြောင်းနဲ့ မလေးရှားနိုင်ငံရဲ့ ရွှေ့ပြောင်းနေထိုင်မှု စီမံခန့်ခွဲရေးနဲ့ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ရေရှည်ဖြေရှင်းနိုင်ရေးအတွက် အရေးပါတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့လည်း အာမက် ဇာဟစ်က ပြောဆိုထားပါတယ်။
အစီအစဉ်ကို အကောင်အထည်ဖော်ရာမှာ မလေးရှားအစိုးရက တူရကီအာဏာပိုင်များ၊ UNHCR နဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ ပူးပေါင်းကာ ဒုက္ခသည်တွေကို ရွေးချယ်တာ၊ သင်တန်းပေးတာ၊ လိုအပ်တဲ့ စာရွက်စာတမ်း ပြင်ဆင်တာနဲ့ ပြန်လည်နေရာချထားတာတို့ကို ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။
အခုအချိန်မှာ အတည်ပြုထားတဲ့အချက်မှာ ရိုဟင်ဂျာဒုက္ခသည် ၁၀,၀၀၀ ကို တူရကီသို့ ပြန်လည်နေရာချထားဖို့ အဆိုပြုချက်ကို မလေးရှားအစိုးရအဖွဲ့က သဘောတူခဲ့တာဖြစ်ပြီး အမှန်တကယ် ပြောင်းရွှေ့မယ့်အချိန်၊ ပါဝင်ခွင့်ရမယ့်သူတွေရဲ့ ရွေးချယ်မှုစံနှုန်းနဲ့ တူရကီနိုင်ငံမှာ ရရှိမယ့် နေထိုင်ခွင့်၊ အလုပ်လုပ်ကိုင်ခွင့်ဆိုင်ရာ အသေးစိတ်အချက် အလက်တွေကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ မတွေ့ရပါဘူး။
မြို့တော် News Channel