ရုရှားဒရုန်းတွေကို ဟန့်တားပစ်ချနိုင်မယ့် လက်နက်သစ်တစ်မျိုးကို အောင်မြင်စွာ စမ်းသပ်နေပြီလို့ ဇလန်စကီး ပြော
စက်တင်ဘာ ၁၆
ရုရှားရဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို ကြားဖြတ်ဟန့်တား ပစ်ချနိုင်မယ့် လက်နက်သစ်တစ်မျိုးကို ယူကရိန်းနိုင်ငံက စမ်းသပ်နေပြီး ပစ်မှတ်တစ်ခုကို အောင်မြင်စွာ ဖျက်ဆီးနိုင်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇလန်စကီးက စက်တင်ဘာ ၁၅ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
အဆိုပါလက်နက်သစ်ဟာ ယူကရိန်းနိုင်ငံက ကိုယ်တိုင်တီထွင်ထုတ်လုပ်ထားတာဖြစ်ပြီး စမ်းသပ်မှုအတွင်း ရုရှားရဲ့ 'ရှာဟတ်' (Shahed) အမျိုးအစား တိုက်ခိုက်ရေးဒရုန်းတစ်စင်းကို အောင်မြင်စွာ ပစ်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ နည်းပညာပိုင်းဆိုင်ရာ အသေးစိတ်အချက်အလက်တချို့ကို ဆက်လက်မွမ်းမံဖို့ လိုနေသေးတဲ့အတွက် အချိန်အနည်းငယ် ထပ်ယူရဦးမယ်လို့လည်း သိရပါတယ်။
ယူကရိန်းစစ်တပ်ကလည်း ရုရှားဘက်က လွှတ်တင်ခဲ့တဲ့ ဒရုန်းအားလုံးရဲ့ ၉၃ ရာခိုင်နှုန်း အပါအဝင် လေကြောင်းပစ်မှတ် စုစုပေါင်း ၁၈၇ ခုကို တစ်ညတည်းနဲ့ ဟန့်တားပစ်ချနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါရလဒ်ဟာ ထူးခြားတဲ့ အောင်မြင်မှုတစ်ခုဖြစ်ပေမဲ့ လေကြောင်းပိုင်နက်ကို အပြည့်အဝ ကာကွယ်နိုင်ဖို့အတွက် အခုထက်ပိုပြီး လိုအပ်နေသေးတယ်လို့ ယူကရိန်းသမ္မတက ဆိုပါတယ်။
လက်ရှိမှာ ယူကရိန်းဟာ ကုန်ကျစရိတ်သက်သာပြီး ထိရောက်မှုရှိတဲ့ ဒရုန်းဟန့်တားရေးစနစ်တွေကို ဦးစားပေး ထုတ်လုပ်နေပေမဲ့ ရုရှားရဲ့ ပဲ့ထိန်းဒုံးကျည် (Ballistic Missile) တွေကို တားဆီးရာမှာတော့ အခက်အခဲတွေ ရှိနေဆဲ ဖြစ်ပါတယ်။
Ref; Reuters
Photo; General Staff of the Armed Forces of Ukraine
မြို့တော် News Channel