ပေါင်မြို့မှာ ရထားလမ်းကူးကို အတင်းဖြတ်မောင်းတဲ့ ကြက်တင်ကုန်ကား လမ်းပြင်ရထားနဲ့ တိုက်မိ
နိုဝင်ဘာလ ၁၉
မွန်ပြည်နယ်၊ ပေါင်မြို့မှာ လမ်းပြင်ရထားနဲ့ ကြက်တင်ကားတို့ တိုက်မိပြီး ယာဥ်မောင်းဖြစ်သူ ထိခိုက်ဒဏ်ရာ ပြင်းထန်ရခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၁၈ ရက်နေ့၊ ညနေ ၄ နာရီဝန်းကျင်က ပေါင်မြို့၊ ကဒါရပ်ကွက်၊ မြို့နယ်စည်ပင်သာယာရုံးအနီး ဘုရားလမ်းက ရထားလမ်းကူးနေရာမှာ ရထားလာနေချိန် အတင်းဖြတ်မောင်းတဲ့ ကြက်တင်ကုန်ကား ရထားတိုက်ခံခဲ့တာလို့ သိရပါတယ်။
“ကျောင်းဆင်းချိန်မို့လို့ ရထားလမ်းကူးမောင်းတံကို ဖွင့်ထားတာ၊ အဲ့ဂိတ်မှာက ရထားလမ်းအစောင့် မရှိဘူး။ အဲ့အချိန် ရထားလမ်းကို အတင်းဖြတ်တာမှာ ရထားလာတာနဲ့ တိုးတာ။ ကားက ရထားအောက် ရောက်သွားတယ်၊ လူတော့ မသေဘူး” လို ဒေသခံတဦးက ပြောပါတယ်။
ပေါင်ဘူတာဘက်ကနေ သဲဖြူကုန်းဘူတာဘက်ကို ခုတ်မောင်းလာတဲ့ ရထားလမ်းပြုပြင်ထိန်းသိမ်းရေး လုပ်ဆောင်တဲ့ရထားက ကြက်တွေတင်လာတဲ့ FUSO အမျိုးအစား ကုန်တင်ကားကို တိုက်မိခဲ့တာဖြစ်ပြီး ကြက်တင်ကားမောင်းတဲ့ ယာဥ်မောင်းဖြစ်သူ ဦးစိုးမိုးနိုင် ထိခိုက်ဒဏ်ရာ ပြင်းထန်ရရှိခဲ့တယ်လို့ သိရပါတယ်။
ထိခိုက်ဒဏ်ရာရရှိခဲ့သူ ဦးစိုးမိုးနိုင်ကို “ဘစိုး” လူမှုကူညီကယ်ဆယ်ရေးအဖွဲ့က ပေါင်မြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပြီး ရထားလမ်းအဖွဲ့က ကားသမားကို တရားစွဲဆိုဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
မြို့တော် News Channel