ကျန်းမာရေးမကောင်းတဲ့ ပြည်သူ့စစ်မှုထမ်း တပ်သား ၁ ဦး မတရားခိုင်းစေခံရမှုကြောင့် သေဆုံး
နိုဝင်ဘာ ၂၁
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်မှာ ကျန်းမာရေးမကောင်းတဲ့ စစ်မှုထမ်းတပ်သားသစ်ကို အလုပ်ကြမ်းခိုင်းစေရာက သေဆုံးခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၁၉ ရက်နေ့ မနက်ပိုင်းက သာပေါင်းမြို့နယ်၊ ကမ်းပါးကြီးကျေးရွာက အာဏာသိမ်းစစ်တပ် ပြည်သူ့စစ်မှုထမ်း အပတ်စဥ်(၈)က တပ်သားတဦး ကမ်းပါးကြီးယာယီတပ်စခန်းမှာ ရုတ်တရက် လဲကျသေဆုံးသွားတယ်လို့ သိရပါတယ်။
"ဖျားနေတာ ၄ ရက်လောက်ရှိပြီ၊ အဲ့တာကို ပေါင်းခုတ်ခိုင်း အိမ်သာကျင်းတူးခိုင်းတာ၊ အဲ့ကနေ နောက်နေ့လဲကျပြီး မနက်မှာ ဆုံးသွားတာ" လို့ ဒေသခံတဦးက ပြောပါတယ်။
သေဆုံးသူဟာ ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်က ဖြစ်ပြီး ပြည်သူ့စစ်မှုထမ်း အပတ်စဉ်(၈) သင်တန်းဆင်းခဲ့ပြီးနောက် ဧရာဝတီတိုင်းနဲ့ ရခိုင်ရိုးမအစပ်က ရှေ့တန်းစခန်းတွေကို ပို့ဆောင်ခံရတဲ့သူ ဖြစ်တယ်လို့ သိရပြီး အသက် ၂၇ နှစ်ခန့် ရှိပြီလို့ သိရပါတယ်။
ဧရာဝတီတိုင်းနဲ့ ရခိုင်ရိုးမအစပ်က တပ်စခန်းတွေမှာ အထက်လူကြီးရဲ့ မတရားခိုင်းစေမှုနဲ့ ဆေးဝါးရိက္ခာ မလုံလောက်မှုတွေကြောင့် စစ်မှုထမ်းတပ်သားတွေ မကြာခဏထွက်ပြေးတာတွေနဲ့ တပ်တွင်း မကျေလည်တာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
မြို့တော် News Channel