ရန်ကုန်မှာ စစ်မှုထမ်းအတွက် လူငယ်နဲ့ လူလတ်ပိုင်း အမျိုးသားတွေ ဖမ်းဆီးခေါ်ဆောင်ခံရမှု ဆက်တိုက်ဖြစ်ပွားနေ
အောက်တိုဘာ ၃
ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ စက်တင်ဘာ ၃၀ ရက်နဲ့ အောက်တိုဘာ ၁ ရက်အတွင်း လူငယ်နဲ့ လူလတ်ပိုင်း အမျိုးသားတွေကို စစ်မှုထမ်းအတွက် ပေါ်တာဆွဲ ဖမ်းဆီးမှုတွေအပြင် ငွေညှစ်မှုတွေပါ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၃၀ ရက် ည ၇ နာရီ ၄၅ မိနစ်လောက်ခန့် သာကေတမြို့နယ်၊ ၁၀ တောင်ရပ်ကွက်၊ ဇေယျဝတီ ၁ လမ်း၊ ခိုင်ရွှေဝါလမ်းအနီးက ကုန်စုံဆိုင်တဆိုင်မှာ အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦး ဖုန်းဘေလ်ဝင်ဝယ်ပြီး ပြန်ထွက်လာချိန်မှာ အနီးအနားမှာ ကားရပ်ပြီး ချောင်းနေတဲ့ အရပ်ဝတ်နဲ့အဖွဲ့က ရိုက်နှက်ဖမ်းဆီးပြီး ကားပေါ် ဆွဲတင်သွားခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးသွားသူတွေဟာ တောင်ဒဂုံဘက်က ပျူအဖွဲ့ဝင်တွေဖြစ်ပြီး မိသားစုဝင်တွေက လိုက်လံစုံစမ်းကာ ငွေကျပ် ၂၅ သိန်းပေးပြီး ပြန်လည်ရွေးထုတ်ခဲ့ရတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
အဲဒီပျူအဖွဲ့ဟာ လူငယ်နဲ့ လူလတ်ပိုင်းတွေကို လိုက်လံဖမ်းဆီးပြီး ကန်ကြီးထောင့်အနီးက အဆောက်အအုံတခုမှာ ဖမ်းချုပ်ထားကာ စစ်မှုထမ်းအတွက် ပြန်လည်ရောင်းစားနေတယ်လို့လည်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။
အလားတူ အောက်တိုဘာ ၁ ရက် ည ၈ နာရီခန့်ကလည်း အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်၊ မဂ္ဂင်ကျောင်းလမ်းထိပ် ဓမ္မာရုံရှေ့က ကွမ်းယာဆိုင်မှာ အသက် ၃၀ ဝန်းကျင် အမျိုးသား ၃ ဦးနဲ့ အသက် ၄၅ နှစ်ဝန်းကျင် အမျိုးသား ၁ ဦးကို Van ကားတစီးနဲ့ ဆိုင်ကယ် ၂ စီး ရောက်လာပြီး ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါအဖွဲ့မှာ ရဲ ၂ ဦးနဲ့ အရပ်ဝတ် ၅ ဦးလောက် ပါဝင်ပြီး အမျိုးသား ၄ ဦးစလုံးကို လက်ထိပ်ခတ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၁ ရက် ည ၇ နာရီခန့်က အရှေ့ဒဂုံမြို့နယ် ၉ ရပ်ကွက်နဲ့ မြောက်ဒဂုံမြို့နယ်ကြား၊ မြောက်ဒဂုံပြည်သူ့ဆေးရုံအနီး ရေကန်ဘေးမှာ အသက် ၄၅ နှစ်ခန့်အရွယ်ရှိ အမျိုးသား ၁ ဦးကို လူတစုက ကားပေါ် ဆွဲတင်ပြီး ဖမ်းဆီးခေါ်သွားခဲ့တယ်လို့ သိရပါတယ်။
ကားပေါ်မှာ ရုန်းရင်းဆန်ခတ်လုပ်တယ်ဆိုပြီး အဆိုပါအမျိုးသားကို ထိုးကြိတ်ရိုက်နှက်ပြီး လက်ထိပ်ခတ်ကာ မျက်လုံးကို အဝတ်စည်းပြီး ခေါ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပိုင်း အဖွဲ့တဖွဲ့ထံ ရောင်းချဖို့ လုပ်ခဲ့ပေမယ့် အဆင်မပြေတာကြောင့် အာဏာသိမ်းစစ်တပ်က တပ်ကြပ်ကြီးတဦးထံ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
စစ်ဆေးမေးမြန်းပြီးနောက် ပြန်လွှတ်ပေးဖို့ ညှိနှိုင်းခဲ့ပြီး မျက်လုံးကို အဝတ်စည်းထားတဲ့အတိုင်း ပြန်ခေါ်လာကာ မင်္ဂလာဒုံမြို့နယ်အတွင်းက လမ်းတလမ်းမှာ ချထားခဲ့တယ်လို့ သိရပါတယ်။
မြို့တော် News Channel