ဆိုင်ကယ်နောက်ကလိုက်ပါလာတဲ့ အသက်ကြီးပိုင်းအမျိုးသားတဦး နေအပူရှိန်ကြောင့် မူးမေ့ကာ ပြုတ်ကျသေဆုံး
နိုဝင်ဘာ ၁၉
ပဲခူးမြို့နယ်၊ ဟင်္သာကုန်းရပ်ကွက် မြို့ပတ်လမ်းမှာ ဆိုင်ကယ်နောက်က လိုက်ပါစီးနင်းလာတဲ့ အသက်ကြီးပိုင်း အမျိုးသားတဦး ဆိုင်ကယ်ပေါ်ကနေ ပြုတ်ကျပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၁၇ ရက်နေ့ ညနေ ၃ နာရီခွဲခန့်က ပဲခူးမြို့နယ်၊ ဟင်္သာကုန်းရပ်ကွက်မှာ နေအပူရှိန် ပြင်းလွန်းတာကြောင့် ဆိုင်ကယ်နောက်ကနေ လိုက်ပါစီးနင်းလာတဲ့ အသက် ၇၀ ကျော်အရွယ် အမျိုးသားတဦး မူးလဲပြုတ်ကျပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
“ဆီးချိုရောဂါအခံရှိတယ်လို့ ပြောတယ်၊ နေပူတာနဲ့ ဆိုင်ကယ်ပေါ်က မူးပြီးပြုတ်ကျလို့ သေသွားတာ။ တပ်မ(၇၇) ဘက်ကနေ ပြန်လာတာ၊ ဟင်္သာကုန်း ရပ်ကွက်အရောက်မှာ ပြုတ်ကျတာပါ” လို့ ဒေသခံတဦးက ပြောပါတယ်။
သေဆုံးသူဟာ ဟင်္သာကုန်းရပ်ကွက်၊ ပြည်တော်အေးဘုရားလမ်းမှာ နေထိုင်တဲ့ အသက် ၇၂ နှစ်အရွယ် ဦးအုန်းလှိုင် ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပြီး သေဆုံးသူရဲ့ ရုပ်အလောင်းကို ပဲခူးမြို့နယ်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၃ ရက်နေ့ နေ့လယ် ၂ နာရီခန့်ကလည်း တောင်ငူမြို့၊ ကွန်ပျူတာတက္ကသိုလ်ရှေ့မှာ အသက် ၆၀ အရွယ် အမျိုးသားတဦး သတိလစ် လဲကျခဲ့တာကြောင့် တောင်ငူဆေးရုံကြီးကို အရေးပေါ် ပို့ဆောင်ခဲ့ရတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။
မြို့တော် News Channel