မင်းအောင်လှိုင်ကို ကော်ဇောနီခင်း ကြိုဆိုလိုက်တာကြောင့် “အာဆီယံ သေဆုံးသွားပြီ” လို့ မလေးရှားအမတ်ဟောင်း ပြောဆို
အောက်တိုဘာ ၈
အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင် ကို မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် က ကော်ဇောနီခင်းပြီး ကြိုဆိုခဲ့တဲ့အပေါ် မလေးရှားလွှတ်တော်အမတ်ဟောင်း ချားလ်စ် ဆန်တီယာဂို က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။
လွန်ခဲ့တဲ့ သုံးနှစ်တုန်းက မြန်မာစစ်တပ်ရဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်ဖိနှိပ်မှုတွေနဲ့ ပတ်သက်လို့ အလွန်အမင်း တုန်လှုပ်ထိတ်လန့်မိတယ်လို့ ကုလသမဂ္ဂမှာ ပြောခဲ့ဖူးတဲ့ ဝန်ကြီးချုပ် အန်ဝါရဲ့ စကားတွေကို ချားလ်စ် ဆန်တီယာဂိုက လူမှုကွန်ရက်ပေါ်ကနေ ပြန်လည် ထောက်ပြထားပါတယ်။
ရခိုင်ပြည်နယ်ထဲက လူမျိုးတုံးသတ်ဖြတ်မှုတွေကို ဦးဆောင်ခဲ့သလို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) မှာလည်း အမှုရင်ဆိုင်နေရတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ၂၀၂၆ ခုနှစ်မှာ ဝန်ကြီးချုပ် အန်ဝါက အခုလို ကော်ဇောနီခင်း ကြိုဆိုနေတယ်လို့ ချားလ်စ်က ဝေဖန်ထားပါတယ်။
အတုအယောင် ရွေးကောက်ပွဲလုပ်ပြီး သမ္မတအဖြစ် ကြေညာထားတဲ့ မင်းအောင်လှိုင်ကို အာဆီယံအဖွဲ့ရော မြန်မာပြည်သူတွေကပါ လက်မခံကြချိန်မှာ အခုလို မလေးရှားက လက်ခံတွေ့ဆုံလိုက်တာဟာ အာဆီယံရဲ့ မူဝါဒစည်းမျဉ်းတွေကို ဖောက်ဖျက်လိုက်တာဖြစ်သလို၊ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက် (5 PC) ကိုလည်း အပြီးတိုင် မြေမြှုပ်သင်္ဂြိုဟ်လိုက်တာဖြစ်လို့ အာဆီယံအဖွဲ့ကြီးလည်း သေဆုံးသွားပြီလို့ ဆန်တီယာဂိုက ပြင်းပြင်းထန်ထန် မှတ်ချက်ပြုထားပါတယ်။
တစ်ဖက်မှာလည်း အမေရိကန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (Human Rights Watch - HRW) က မြန်မာစစ်ခေါင်းဆောင်ရဲ့ ကွာလာလမ်ပူ ခရီးစဉ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်တန့်အောင် ဖိအားပေးဖို့ မလေးရှားဝန်ကြီးချုပ်ကို တိုက်တွန်းထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံကို ပြန်ပို့ခံရရင် လူ့အခွင့်အရေး ချိုးဖောက်ခံရမယ့် အန္တရာယ်ရှိနေတဲ့ ရိုဟင်ဂျာတွေအပါအဝင် နေရပ်စွန့်ခွာ ဒုက္ခသည်တွေကို အတင်းအဓမ္မ ပြန်ပို့မယ့် အစီအစဉ်ကို ရပ်ဆိုင်းဖို့လည်း မလေးရှားအစိုးရကို တောင်းဆိုထားပါတယ်။
HRW ရဲ့ အာရှရေးရာ ဒါရိုက်တာ အီလန်း ပီယာဆင် ကတော့ အာဏာသိမ်းစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် ထွက်ပြေးလာရသူတွေကို အတင်းအကျပ် ပြန်ပို့ရေး ကိစ္စအတွက် မင်းအောင်လှိုင်ကို ဖိတ်ခေါ်ဆွေးနွေးတာဟာ နောက်ထပ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖိတ်ခေါ်လိုက်တာပဲလို့ ထောက်ပြထားပါတယ်။
ဒီဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် အန်ဝါကတော့ ဒုက္ခသည်အရေးကို ရေရှည်လက်ခံထားဖို့ မဖြစ်နိုင်တာကြောင့် ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ မြန်မာဘက်နဲ့ ထိတွေ့ဆက်ဆံရတာ ဖြစ်တယ်လို့ ကာကွယ်ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်က အသံလွှင့် အစီအစဉ်တခုမှာ မလေးရှားအနေနဲ့ အာဆီယံရဲ့ ရပ်တည်ချက်အတိုင်း အာဏာသိမ်းအစိုးရကို အသိအမှတ်ပြုဖို့ အဆင်သင့်မဖြစ်သေးပေမဲ့ ဒုက္ခသည်တွေ ပြန်ပို့ရေးအတွက် ညှိနှိုင်းရမယ့် အာဏာပိုင်အဖွဲ့အစည်းတစ်ခုတော့ လိုအပ်တယ်လို့ ဝန်ကြီးချုပ် အန်ဝါက ပြောဆိုထားပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ နှစ်ရက်ကြာ တရားဝင်ခရီးစဉ်အဖြစ် အောက်တိုဘာလ ၈ ရက်နေ့မှာ မလေးရှားနိုင်ငံကို ရောက်ရှိလာခဲ့ပြီး ဝန်ကြီးချုပ် အန်ဝါနဲ့ ဆွေးနွေးမယ့် အဓိက အကြောင်းအရာတွေထဲမှာ မြန်မာဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေးကိစ္စလည်း ပါဝင်နေပါတယ်။
လက်ရှိအချိန်အထိ ကုလသမဂ္ဂ အထွေထွေညီလာခံနဲ့ ညီလာခံစီမံခန့်ခွဲရေးဌာနရဲ့ နောက်ဆုံးထုတ်ပြန်ထားတဲ့ သံတမန်စာရင်းမှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို နိုင်ငံအကြီးအကဲအဖြစ် အသိအမှတ်ပြုဖို့ ငြင်းပယ်ထားဆဲ ဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းခင်ကတည်းက ခန့်အပ်ထားခဲ့တဲ့ ဦးကျော်မိုးထွန်းကိုသာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက် အသိအမှတ်ပြုထားဆဲ ဖြစ်ပါတယ်။
မြို့တော် News Channel