နေပြည်တော်မှာ လောင်းကစားဝိုင်းတွေ စည်ကားနေလို့ ခိုးဆိုးမှုနဲ့ မိသားစုပြဿနာတွေ များလာတယ်လို့ ဒေသခံတွေ ပြော
နိုဝင်ဘာ ၁၉
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ တပ်ကုန်းနဲ့ ပုဗ္ဗသီရိမြို့နယ်က ရွာတွေမှာ လောင်းကစားဝိုင်းတွေကို နေ့တိုင်းနီးပါး ကြီးကြီးကျယ်ကျယ် ပြုလုပ်နေကြလို့ ရပ်ရွာလုံခြုံရေး ထိခိုက်လာနေလို့ သိရပါတယ်။
ဥတ္တရသီရိမြို့နယ်ရှိ မရမ်းပင်ရွာက လေတာကွင်းမှာ ဦးအောင်ဇော်၊ ဦးဘိုတင့်နဲ့ ဦးအောင်ရှိတို့ ဦးဆောင်ပြီး ဂျင်ဝိုင်း၊ ကြက်ဝိုင်းနဲ့ လောင်းကစားဝိုင်းတွေကို ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေရဲ့ ခွင့်ပြုချက်နဲ့ လုပ်နေတယ်လို့လည်း ပြောဆိုမှုတွေ ထွက်ပေါ်နေပါတယ်။
“လောင်းကစားဝိုင်းတွေကြောင့် မင်းကုန်းအုပ်စုထဲက ရွာ ၆ ရွာမှာ အိမ်တွင်းရေးပြဿနာတွေနဲ့ ခိုးဆိုးလုယက်မှုတွေ၊ ပျောက်ဆုံးမှုတွေ ဆက်တိုက်ဖြစ်နေလို့ ရွာသားတွေအတွက် အမြန်ဆုံး အရေးယူပေးစေချင်ပါတယ်” လို့ မရမ်းပင်ရွာ ဒေသခံတဦးက မြို့တော်ကို ပြောပါတယ်။
အလားတူ တပ်ကုန်းမြို့နယ်၊ ပေတောရွာ ဥစားကြက်ခြံအရှေ့ဘက် လမ်းမပေါ်မှာ ဦးအေးမင်းထွန်းနဲ့ ဦးပေါ်မွှေးတို့ ပေါင်းပြီး ကြက်ဝိုင်းနဲ့ တခြားလောင်းကစားဝိုင်းတွေ လုပ်နေသလို ပုဗ္ဗသီရိမြို့နယ်၊ ရှေ့တဲကုန်းရွာနားမှာလည်း အေးမင်းဦးက ဒိုင်လုပ်ပြီး ဂျင်ဝိုင်းကြီးကြီးကျယ်ကျယ် လုပ်နေတယ်လို့ သိရပါတယ်။
“သပြေကုန်းရွာက အေးမင်းဦးက ဒိုင်လုပ်ပြီး ဂျင်ဝိုင်းကို ကြီးကြီးကျယ်ကျယ် လုပ်နေတာမှာ စခန်းမှူး ရဲအုပ်နေမျိုးလင်းနဲ့ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဌေးအောင်တို့နဲ့ ပေါင်းလုပ်နေတယ်လို့ ကြားနေရပါတယ်” လို့ သတင်းပေးပို့သူတဦးက မြို့တော်ကို ပြောပါတယ်။
ရပ်ရွာအေးချမ်းပြီး ဒေသခံတွေရဲ့ ပစ္စည်းဥစ္စာ လုံခြုံဖို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေက အမြန်တားဆီးအရေးယူပေးဖို့ ဒေသခံတွေ မျှော်လင့်နေကြပေမဲ့ အခုချိန်ထိတော့ သက်ဆိုင်ရာဘက်က တရားဝင် ဖြေရှင်းတာမျိုး မရှိသေးပါဘူး။
နေပြည်တော်မှာ အာဏာသိမ်းပြီးနောက်ပိုင်း လောင်းကစားဝိုင်းတွေကြောင့် လူမှုရေး ပြဿနာတွေနှင့်အတူ ပစ္စည်းလုယက်တာ၊ လုယက်ရင်း လိင်ပိုင်းဆိုင်ရာ ပြုကျင့်တာနှင့် မိသားစုလိုက် သတ်ဖြတ်ပြီး ပစ္စည်းခိုးယူတာ စတဲ့ ရာဇဝတ်မှုတွေ ဆက်တိုက် ဖြစ်ပွားနေပေမယ့် သက်ဆိုင်ရာ ရဲနှင့် ဌာနဆိုင်ရာတွေက လောင်းကစားဝိုင်းတွေဆီက လိုင်းကြေးယူထားပြီး လျစ်လျူရှုပေးထားတယ်လို့ သိရပါတယ်။
မြို့တော် News Channel