ဖားကန့်မှာ ကျောက်ဝယ်ဖို့သွားတဲ့ အမျိုးသားတဦး ရိုက်နှက်လုယက်ခံရလို့ သေဆုံး
နိုဝင်ဘာ ၁၉
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဆိုင်ကယ်နဲ့ ကျောက်ဝယ်သွားတဲ့ အမျိုးသားတဦး ပစ္စည်းလုယက်ခံရကာ သတ်ဖြတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၁၇ ရက်နေ့၊ နေ့လယ် ၂ နာရီခန့်က ဆိပ်မူကျေးရွာအုပ်စု၊ နမ့်မှော်ကျေးရွာ၊ ရပ်ကွက်(၆)မှာ နေထိုင်တဲ့ အသက် ၄၂ အရွယ် ကိုမျိုးမင်းလတ် ဆိုသူဟာ ဆိပ်မူကျေးရွာ၊ သာယာကုန်း (မြို့ရှောင်လမ်း) ဒီဇင်ဘာခြံအတက်လမ်းမှာ ကျောက်ဝယ်သွားရင်း ရိုက်နှက်ခံရပြီး သေဆုံးခဲ့တာလို့ သိရပါတယ်။
“ကျောက်ဝယ်သွားရင်း အသတ်ခံရတာပါ၊ ပိုက်ဆံဘယ်လောက်ပါသွားတယ်တော့ မသိဘူး၊ သူဝတ်ထားတဲ့ ရွှေတွေ၊ ဖုန်း၊ ဆိုင်ကယ်နဲ့ အကျီတွေ အကုန်ယူသွားခံရတယ်။ အလောင်းကို ဖြတ်သွားဖြတ်လာတွေက တွေ့တာ။ သေတဲ့သူမှာ မိန်းမနဲ့ သား ၂ ယောက် ကျန်ခဲ့တယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
ရိုက်နှက်လုယက်ခံရတာကြောင့် ဦးခေါင်း ပြင်းထန်ထိခိုက်ဒဏ်ရာနဲ့ သေဆုံးခဲ့ရပြီး ကျောက်ဝယ်သွားချိန် ပါသွားတဲ့ ရွှေ(၁)ကျပ်သား လက်စွပ်မောင်းကွင်း ၁ ကွင်း၊ ကျောက်ပုတီး လက်ပတ် ၁ ကွင်း၊ ဖုန်း ၁ လုံး၊ 125 ဆိုင်ကယ် ၁ စီးနဲ့ ဝတ်သွားတဲ့ အနွေးထည် ၁ ထည် ပါသွားတယ်လို့ သိရပါတယ်။
လတ်တလောမှာ ဖြစ်စဥ်နဲ့ ပတ်သတ်ပြီး KIO အုပ်ချုပ်ရေးအဖွဲ့နဲ့ ရဲတွေက တရားခံကို ဖမ်းဆီးရမိရေး ဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
မြို့တော် News Channel