အပုပ်နံ့ရလို သွားကြည့်ရာက ခြံဝန်းထဲမှာ အမျိုးသား ၁ ဦး သေဆုံးနေတာတွေ့ရှိ
စက်တင်ဘာ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ဖာမွန်းကျေးရွာအုပ်စု၊ ပန်သခွားကျေးရွာရှိ လူမနေတဲ့ နေအိမ်ခြံဝန်းထဲမှာ အမျိုးသား ၁ ဦး သေဆုံးနေပြီး ပုပ်ပွ နေတဲ့ ရုပ်အလောင်းကို စက်တင်ဘာလ ၁၆ ရက် မနေ့က ညနေပိုင်းမှာ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
တောင်ကြီး-ကျောက်တလုံးကြီးသွားတဲ့ လမ်းဘေးရှိ၊ ဖာမွန်းကျေးရွာအုပ်စု၊ ပန်သခွားကျေးရွာမှ ဆေးဆိုင်တစ်ဆိုင်ဘေးက ခြံဝန်းထဲမှာ အပုပ်နံ့ရလို့ သွားရောက်ကြည့်ရှုရာက သေဆုံးရုပ်အလောင်းကို တွေ့ရှိခဲ့တာလို့ သိရပါတယ်။
"ဆေးဆိုင်ရဲ့ ဘေးကခြံထဲက အနံ့တွေထွက်နေလို့ ဆေးဆိုင်ဝန်ထမ်းတွေ သွားကြည့်ကြတာ။ ခြံဝန်းထဲက တဲလေးထဲမှာ လူသေနေတာကို တွေ့တာ။ အရင်ရက်က နေစရာမရှိလို့ အဲ့ခြံထဲက တဲမှာ လူတယောက် လာနေရင်းနဲ့ တယောက်တည်း သေနေတာ။ အပြင်ဒဏ်ရာ တခုမှမတွေ့ဘူး" လို့ ဒေသခံတစ်ဦးက မြို့တော်ကို ပြောပါတယ်။
သေဆုံးနေသူဟာ အသက် ၅၀ နှစ်ဝန်းကျင် အရွယ်ရှိပြီး ခြံဝန်းထဲက တဲအိမ်ပျက်ထဲမှာ လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကတည်းက လာရောက်နေထိုင်းရင်း ခုလို သေဆုံးနေတာဖြစ်ပြီး မိသားစု ဆွေမျိုးလည်း မရှိလောက်ဘူးလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
သေဆုံးသူ အမျိုးသား ရုပ်အလောင်းကို စပ်စံထွန်းဆေးရုံကို ပို့ဆောင်ထားပြီး ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်/မဟုတ် တောင်ကြီးမြို့မရဲစခန်းက စစ်ဆေးနေတယ်လို့ သိရပါတယ်။
အလားတူ ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်၊ (၁၃) ရပ်ကွက်၊ လမ်းဘေးတစ်နေရာမှာ စက်တင်ဘာလ ၁၅ ရက်နေ့ ည ၁၀ နာရီခွဲလောက်က အိမ်ခြေယာမဲ့ လူလတ်ပိုင်းအရွယ် အမျိုးသား ၁ ဦး သေဆုံးနေတာကို တွေ့ရှိခဲ့ကြသေးတယ်လို့လည်း သိရပါတယ်။
မြို့တော် News Channel