မုံရွေးဈေးပေါက်အနီးမှာ အာဏာသိမ်းစစ်အုပ်စုက လူငယ် ၁ ဦးကို ကားတွန်းခိုင်းပြီး အကြာင်းမဲ့ ပစ်သတ်
နိုဝင်ဘာ ၁၆
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွေးဈေးပေါက်အနီးမှာ အာဏာသိမ်းစစ်အုပ်စုက လူငယ် ၂၀ ကျော်ကို ဖမ်းဆီးခဲ့ပြီးနောက် လူငယ်တချို့ကို ပြန်လွှတ်ကာ လူငယ် ၁ ဦးကို ကားတွန်းခိုင်းပြီး လူမြင်ကွင်းမှာတင် သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၁၄ ရက်နေ့၊ မနက်ပိုင်းက မုံရွာမြို့နယ်၊ မုံရွေး ဈေးပေါက်အနီးမှာ လူငယ် ၂၀ ကျော်ကို အာဏာသိမ်းစစ်တပ်က အင်အားသုံး ဖမ်းဆီးခဲ့တယ်လို့ သိရပြီး ဖမ်းဆီးထားသူတွေထဲက တချို့ကို ညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
“ဘာလို့ဖမ်းလဲဆိုတာတော့ မသိရဘူး၊ ဖမ်းတာ ၂၀ ကျော်တယ်။ ညနေမှာ ပြန်လွှတ်ပေးတဲ့ သူတွေလည်း ရှိတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
နိုဝင်ဘာ ၁၅ ရက်နေ့၊ မနက် ၅ နာရီခွဲ ဝန်းကျင်ခန့်မှာတော့ အာဏာသိမ်းစစ်အုပ်စုနဲ့ ပျူစောထီးတွေက ဖမ်းလာတဲ့ လူငယ်တွေထဲက ၁ ဦးကို မုံရွေး ဈေးပေါက်အနီးမှာ ကားတွန်းခိုင်းပြီး အကြာင်းမဲ့ သေနတ်နဲ့ ပစ်သတ်ကာ ရုပ်အလောင်းကို လမ်းမပေါ်မှာပဲ စွန့်ပစ်ခဲ့တယ်လို့ သိရပါတယ်။
“မုံရွေး စျေးပေါက်မှာပဲ သူတို့ဖမ်းလာတဲ့ လူငယ်တယောက်ကို ကားတွန်းခိုင်းပြီး လူမြင်ကွင်းမှာ သေနတ်နဲ့ ပစ်သတ်သွားတယ်။ အလောင်းကို ဒီတိုင်း ထားသွားတယ်” လို့ အဆိုပါ ဒေသခံက ပြောပါတယ်။
သေနတ်နဲ့ ပစ်သတ်ခံရတဲ့ လူငယ်ဟာ နိုဝင်ဘာ ၁၄ ရက်နေ့က မတရား ဖမ်းဆီးခံရတဲ့ လူငယ်အဖွဲ့ထဲက တယောက်ဖြစ်ပြီး နေရပ်လိပ်စာနဲ့ အမည်ကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
လတ်တလောမှာတော့ မုံရွာမြို့ရှိ အာဏာသိမ်းစစ်တပ်ရဲ့ တပ်စခန်းမှာ မတရားဖမ်းဆီးခံထားရတဲ့ လူငယ်တချို့ ရှိနေတယ်လို့ သိရပြီး ဘာအကြောင့် ဖမ်းတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
မြို့တော် News Channel