၄ ရက်ကြာ ပျောက်ဆုံးနေတဲ့ ၃ နှစ်အရွယ် ကလေးငယ် ရုပ်အလောင်းဖြစ် ငါးဖမ်းပိုက်မှာ ချိတ်လျက် ပြန်တွေ့
နိုဝင်ဘာ ၁၈
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ပလန(၄)၊ ယုဇနမြိုင်ကျေးရွာအနီးမှာ ၄ ရက်ကြာ ပျောက်ဆုံးနေတဲ့ ကလေးငယ်ရဲ့ ရုပ်အလာင်း ငါးဖမ်းပိုက်မှာ ချိတ်နေလို့ ပြန်တွေ့ခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၁၃ ရက်နေ့၊ ညနေ ၃ နာရီခန့်က အသက် ၃ နှစ်အရွယ် မောင်ဆွတ်နော်ရိန်း ဆိုသူဟာ ဖခင်ဖြစ်သူ ခြံအတွင်း မြက်ရိတ်နေချိန် မိခင်နဲ့အတူ နေအိမ်အခန်းထဲ ဆော့ကစားနေရာက ပျောက်ဆုံးသွားခဲ့တာလို့ သိရပါတယ်။
“မအေနဲ့ အတူဆော့နေတဲ့အချိန် မအေက နေမကောင်းတော့ အိပ်ပျော်သွားတယ်။ ဖအေက မြတ်ရိတ် နေတာ၊ ဖအေက မြတ်ရိတ်ပြီးတော့ သူ့ကလေးကို လာကြည့်တာမှာ ကလေးက မရှိတော့တာ။ အဲကျမှ တရပ်ကွက်လုံး လိုက်ရှာတာ မတွေ့ခဲ့ဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။
နိုဝင်ဘာ ၁၆ ရက်နေ့၊ နေ့လယ်ပိုင်းမှာ အသက် ၃ နှစ်အရွယ် ကလေးငယ်တဦးရဲ့ ရုပ်အလောင်းကို ချောင်းအတွင်း ငါးဖမ်းပိုက်ကွန်ထဲ မိရာက ယခင် ၄ ရက်ခန့်က ပျောက်နေတဲ့ ကလေးငယ် ဖြစ်ကြောင်း သိခဲ့ရတယ်လို့ ဆိုပါတယ်။
“ကလေးအလောင်းလေး ငါးဖမ်းပိုက်မှာ တွေ့လို့ ဆိုလိုသွားကြည့်တာ၊ ပျောက်နေတဲ့ ကလေး ဖြစ်နေတယ်။ သူတို့အိမ်နဲ့ ခုတွေ့တဲ့နေရာနဲ့က ၄ မိုင်လောက် ဝေးတယ်။ ပျောက်သွားတဲ့ ကလေးအိမ်က နောက်မှာ ချောက်ကမ်းပါး ရှိတယ်၊ ကလေးက အဲ့ထဲကျပြီး ချောင်းထဲ မျောသွားတာဖြစ်မယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
ရေနစ်သေဆုံးခဲ့တဲ့ အသက် ၃ နှစ်အရွယ် မောင်ဆွတ်နော်ရိန်းကို နေအိမ်နဲ့ ၃ မိုင်ခန့်အကွာရှိ ချောင်းအတွင်း ပြန်လည်တွေ့ရှိခဲ့ပြီးနောက် နိုဝင်ဘာ ၁၆ ရက်နေ့ ညနေပိုင်းမှာပဲ မြေမြုပ်သင်္ဂြိုဟ်လိုက်ကြတယ်လို့ သိရပါတယ်။
ကလေးငယ်ရဲ့ မိသားစုတွေဟာ ပလန(၄)၊ ယုဇနမြိုင်ကျေးရွာက ခြံစောင့်အဖြစ် လုပ်ကိုင်နေထိုင်ကြသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၀ ရက်နေ့ကလည်း မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်က ငါးကန်ဟောင်းတခုမှာ အသက် ၉ နှစ်အရွယ် မောင်ငွါးဆီး ဆိုသူ ကလေးငယ်တဦး ရေနစ်သေဆုံးခဲ့ပါသေးတယ်။
မြို့တော် News Channel