“တော်လှန်ရေးအင်အားစုများ၏ ဘုံနိုင်ငံရေးသဘောတူညီချက်-ပထမမူကြမ်း” အတည်ပြု ထုတ်ပြန်ခြင်း အခမ်းအနား ကျင်းပ
ဇူလိုင် ၃၀
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ (NUCC)၊ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) တို့နှင့်အတူ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး ဖက်ဒရယ်ယူနစ်တွေက ကမကထပြုပြီး စုပေါင်းကြိုးပမ်းခဲ့တဲ့ “တော်လှန်ရေးအင်အားစုများ၏ ဘုံနိုင်ငံရေးသဘော တူညီချက်-ပထမမူကြမ်း” အား သဘောတူ အတည်ပြု ထုတ်ပြန်ခြင်း အခမ်းအနားကို ဇူလိုင်လ ၃၀ ရက်နေ့ ဒီကနေ့ ကြာသပတေးနေ့ မနက် ၁၀ နာရီမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဆိုပါ သဘောတူညီချက် မူကြမ်းမှာ တော်လှန်ရေးဆိုင်ရာ သဘောတူညီချက်တွေ၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ သဘောတူညီချက်တွေ၊နိုင်ငံရေးဆိုင်ရာ သဘောတူညီချက်တွေ၊ လုပ်ငန်းစဉ်ဆိုင်ရာ သဘောတူညီချက်တွေနှင့် အထွေထွေသဘောတူညီချက်တွေ ပါဝင်ပါတယ်။
ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်/ဖက်ဒရယ်ယူနစ်တွေဟာ သက်ဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းခွင့် ရှိပြီး၊ အာဏာခွဲဝေမှု၊ သယံဇာတခွဲဝေမှု၊ အခွန်ဘဏ္ဍာခွဲဝေမှုနှင့် ဖက်ဒရယ်ဘဏ္ဍာရေးစနစ်တို့နှင့် ပတ်သက်ပြီး ပြည်သူလူထုနှင့် အနီးကပ်ဆုံး အစိုးရအဆင့်က လုပ်ဆောင်နိုင်သည်အထိ ကျင့်သုံးသွားမယ်လို့ ဆိုပါတယ်။
ဖက်ဒရယ်ပြည်ထောင်စု လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ တပ်ဖွဲ့တွေ အားလုံးဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရရဲ့ ကွပ်ကဲမှုနှင့် စီမံအုပ်ချုပ်မှုအောက်မှာ ရှိရမှာဖြစ်ပြီး လူသားလုံခြုံရေးကို အခြေခံတဲ့ မူဝါဒ ကျင့်သုံးရမယ်လို့ ဆိုပါတယ်။
ပြည်နယ်သစ်တွေ ထူထောင်ရေးနှင့် ပြည်နယ်နယ်နိမိတ်ပိုင်းခြား သတ်မှတ်ရေးကို ဒေသနေသူတွေရဲ့ သဘောထားဆန္ဒနှင့်အညီ ပြည်နယ် နယ်နိမိတ်/နယ်မြေချင်း ထိစပ်နေတဲ့ တိုက်ရိုက်သက်ဆိုင်သူတွေအကြား ကနဦး ဆွေးနွေးပြီး၊ အစုအဖွဲ့တွေ စုံလင်စွာပါဝင်တဲ့ အသွင်ကူးပြောင်းရေးကာလမှာ ကျင်းပမယ့် ဖက်ဒရယ်ညီလာခံတရပ်မှာ အကျေအလည် ညှိနှိုင်းဆွေးနွေးရမယ်လို့ ဆိုပါတယ်။
နိုင်ငံရေးဆိုင်ရာ သဘောတူညီချက်တွေအနေနဲ့ စစ်အာဏာသိမ်းမှုကို အပြီးတိုင်ဖက်ရှားပြီး အနာဂတ် နိုင်ငံရေးမှာ စစ်တပ်ပါဝင်မှုကို အဆုံးသတ်ဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းမှုမှန်သမျှ တိုက်ဖျက်ဖို့၊ အာဏာသိမ်း စစ်အစိုးရက ပြုလုပ်ခဲ့တဲ့ အတုအယောင် ရွေးကောက်ပွဲကတစ်ဆင့် ပေါ်ပေါက်လာတဲ့ မည်သည့်အစုအဖွဲ့ကိုမျှ အသိအမှတ်မပြုဖို့၊ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းကြရာမှာ ပြည်သူလူထုရဲ့ အဆုံးအဖြတ်ကို ခံယူကြဖို့ ပါဝင်တယ်လို့ သိရပါတယ်။
အထွေထွေ သဘောတူညီချက်တွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံ နိုင်ငံရေးခေါင်းဆောင်တွေနှင့် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး ဆက်လက်ကြိုးပမ်းဖို့၊ တော်လှန်ရေးလုပ်ငန်းစဉ် အဆင့်ဆင့်ရှိ ဦးဆောင်မှုနှင့် ဆုံးဖြတ်ချက်ချတဲ့ ကဏ္ဍအသီးသီးမှာ အမျိုးသမီးတွေပါဝင်မှု အနည်းဆုံး (၃၀) ရာခိုင်နှုန်း ရှိစေဖို့၊ အမျိုးသမီးတွေရဲ့ ရပိုင်ခွင့်တွေ အကာအကွယ်ပေးမှုတွေကို NUCC က အတည်ပြု ထုတ်ပြန်ထားတဲ့ ဂျန်ဒါ ရပ်တည်ချက်စာတမ်းပါ ပြဋ္ဌာန်းချက်တွေနှင့်အညီ လိုက်နာကျင့်သုံးဖော်ဆောင်သွားဖို့၊ အသက် (၃၅) နှစ်အောက် လူငယ်တွေ၊ အခြားသော လူနည်းစုတွေရဲ့ ပါဝင်မှုကို ဦးစားပေး စဉ်းစားဆောင်ရွက်ဖို့၊ လိင်စိတ်ခံယူမှု ကွဲပြားသူတွေကို လူ့အခွင့်အရေး ချိုးဖောက်ခံရမှု မရှိစေရေးနှင့် ဖိနှိပ်ခွဲခြားမှု မရှိစေရေး အာမခံ ဖော်ဆောင်သွားဖို့ စတဲ့အချက်တွေ ပါဝင်တယ်လို့ သိရပါတယ်။
မြို့တော် News Channel