သီပေါမြို့နယ်ကို အလုံးစုံ မစိုးမိုးနိုင်သေးတာကြောင့် သီပေါတံတားကို ပိတ်ထားတာလို့ အာဏာသိမ်းအစိုးရရဲ့ ပြည်ထဲရေး ဒုဝန်ကြီး ဝန်ခံ
ဇူလိုင် ၂၉
အာဏာသိမ်း အစိုးရရဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၃၁ ရက်မြောက်နေ့မှာ သီပေါမဲဆန္ဒနယ်မှ ဦးကောင်းသက်စံက ရှမ်းပြည်နယ် ကျောက်မဲခရိုင်၊ သီပေါမြို့၊ ပန်းတိမ်တောင်ရပ်ကွက်နှင့် ပန်စောက်မိန်းကျေးရွာအုပ်စု ကြားမှာ တည်ရှိတဲ့ သီပေါတံတားကို ပြန်လည်ဖွင့်လှစ်ပေးဖို့ အစီအစဉ်ရှိ မရှိ နဲ့ပတ်သက်ပြီး မေးမြန်းခဲ့ပါတယ်။
အဆိုပါ မေးခွန်းနဲ့ ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် မင်းသူ က လက်ရှိလုံခြုံရေး အခြေအနေအရ သီပေါမြို့၊ မြို့ပေါ် (၁၁) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၉) အုပ်စု မှာသာ နယ်မြေစိုးမိုးမှုရှိပြီး MNDAA၊ TNLA နှင့် PDF တွေက အလုံးစုံ ဆုတ်ခွာသွားခြင်း မဟုတ်ဘဲ သီပေါတံတား ရှေ့ဘက်ခြမ်းနှင့် ကျန်ကျေးရွာအုပ်စုတွေမှာ အခြေပြု လှုပ်ရှားသွားလာနေတာကြောင့် လုံခြုံရေးအခြေအနေအရ သီပေါတံတားကို ယာယီပိတ်ထားတာ ဖြစ်တယ်လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။
၁၀၂၇ စစ်ဆင်ရေးအတွင်း သီပေါမြို့နဲ့ တံတားကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)က ထိန်းချုပ်ခဲ့ပေမယ့် တရုတ်အစိုးရရဲ့ ဖိအားပေးမှုကြောင့် ၂၀၂၅ ခုနှစ် အောက်တိုဘာလမှာ အာဏာသိမ်း စစ်တပ်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့ရတာလည်း ဖြစ်ပါတယ်။
သီပေါတံတား ဆက်လက် ပိတ်ထားတာကြောင့် ဒေသခံတွေဟာ ဒုဋ္ဌဝတီမြစ်ကို လှေနဲ့ဖောင် အသုံးပြုပြီး ဖြတ်သန်းသွားလာနေကြရကာ ကမ်းကူးခအဖြစ် လူတဦးကို ငွေကျပ် ၅ ထောင်ကနေ ၅ သောင်းဝန်းကျင်အထိ ကုန်ပစ္စည်းအပေါ် မူတည်ပြီး ပေးချေဖြတ်သန်းရတာကြောင့် ဒေသတွင်း ကုန်ဈေးနှုန်း မြင့်တက်မှုတွေကိုလည်း ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။
မြို့တော် News Channel