ပုလောမြို့နယ်မှာ ပလုံကောက်တဲ့ အမျိုးသမီး ၁ ဦး မြေမြှုပ်မိုင်းနင်းမိလို့ သေဆုံး
ဇူလိုင် ၂၆
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ ပလုံကောက်တဲ့ အမျိုးသမီ ၁ ဦး မြေမြှုပ်မိုင်း နင်းမိရာက သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင်လ ၂၃ ရက်နေ့ က တောင်ယာကမ်း ကျေးရွာလမ်းဆုံမှာ ထောင်ထားတဲ့ မြေမြှုပ်မိုင်းကို နင်းမိရာက ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ သိရပါတယ်။
သေဆုံးသူဟာ အမှတ်(၁) ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၃၈ နှစ်အရွယ် ဒေါ်လှလှဝေ ဆိုသူဖြစ်ပြီး မိသားစု စားဝတ်နေရးအတွက် ရေသန့်ဘူးနဲ့ အအေးဘူးခွံ၊ ဘီယာဘူးခွံတွေ လိုက်ကောက်ရာက မြေမြှုပ်မိုင်း နင်းမိခဲ့တာလို့ ဆိုပါတယ်။
“တောင်ယာကမ်းရွာ လမ်းဆုံက နှစ်ဖက်လက်နက်ကိုင်တွေ သွားလာနေတဲ့ နေရာတွေပါ၊ ဘယ်ဘက်က ထောင်တဲ့မိုင်း ဆိုတာတော့ မသိဘူး၊ အခုဆို အဲ့နားကရွာတွေ ဘယ်သွားသွား စိုးရိမ်စိတ်နဲ့ သွားလာနေကြရတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
ဒေါ်လှလှဝေဟာ မြေမြှုပ်မိုင်း နင်းမိတာကြောင့် ခန္ဓာကိုယ်အနှံ့ မိုင်းစထိမှန် ဒဏ်ရာတွေနဲ့ အခင်းဖြစ်ရာ နေရာမှာတင် သေဆုံးခဲ့ပြီး ပုလောမြို့ ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ကာ သင်္ဂြိုဟ်ခဲ့ကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့ကလည်း ပုလောမြို့နယ် ဆင်ထိုးကြီးရွာမှာ အသက် ၁၇ အရွယ် လူငယ်အမျိုးသားတဦး နေအိမ်ခြံဝန်းထဲမှာ မိုင်းနင်းမိလို့ ညာဘက်ခြေထောက်တဖက် ပြတ်ထွက်ကာ ဆေးရုံတင်ခဲ့ရသေးတယ်လို့လည်း သိရပါတယ်။
မြို့တော် News Channel