မန္တလေးပညာရေးကောလိပ် အဆောက်အဦးဖြိုချချိန် သစ်သားထုပ်တန်း ပြုတ်ကျလို့ ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ
နိုဝင်ဘာ ၁၇
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်က ပညာရေးကောလိပ်ကို ပြန်လည်ပြုပြင်ဖို့ ဖြိုချရာက သစ်သားထုပ်တန်း ပြုတ်ကျလို့ အမျိုးသား ၁ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၁၇ ရက်နေ့၊ မနက် ၁၀ နာရီ ၁၅ မိနစ်ခန့်က ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းပျော်ဘွယ်ရပ်ကွက်၊ ၆၆ လမ်း၊ ၃၂ လမ်းနဲ့ ၃၃ လမ်းကြားက ပညာရေးကောလိပ်အတွင်း ငလျင်ကြောင့် ပျက်စီးခဲ့တဲ့ အလျားပေ ၁၀၀၊ အနံပေ ၃၀ ကျယ်တဲ့ နှစ်ထပ်အဆောက်အဦိးခန်းမကို အသစ်ပြန်လည်တည်ဆောက်ဖို့ ဖြိုဖျက်ရာက ပေ ၁၀၀ ဝန်းကျင်ရှည်တဲ့ ထုပ်တန်း ပြုတ်ကျခဲ့တာလို့ သိရပါတယ်။
“အဆောက်အအုံအဟောင်း နံကပ် ၂ ထပ်အဆောင် ဖြိုတာမှာ အတွဲလိုက် ပြိုကျတာ။ ရှောင်ချိန် မရလိုက်ကြတာ၊ ၅ ယောက် ထိတယ်၊ ၁ ယောက် သေတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
သစ်သားထုပ်တန်း ပြုတ်ကျခဲ့တာကြောင့် အသက် ၄၅ နှစ်အရွယ် ဦးမျိုးမင်းထွန်း ဆိုသူ ဝဲဘက်ညှပ်ရိုးကျိုး ဒဏ်ရာရကာ နေရာမှာတင် သေဆုံးခဲ့ပြီး အသက် ၂၆ နှစ်အရွယ်နဲ့ အသက် ၃၈ နှစ်အရွယ် အမျိုးသား ၄ ဦး ထိခိုက်ကြိုးပဲ့ဒဏ်ရာ ပြင်းထန်ရခဲ့ကာ သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေကို မန္တလေးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နေ့ကလည်း မိတ္ထီလာမြို့ ပညာရေးကောလိပ်ဝင်းအတွင်းမှာ အသစ်ဆောက်လုပ်ပြီးစီးတဲ့ ၁၈ ပေပတ်လည်၊ အနက် ၆ ပေခွဲ၊ မြေအောက်ရေ အုတ်ကန်အသစ်အတွင်းကို ငြမ်းဆင်းဖြုတ်တဲ့ အလုပ်သမားတွေ အောက်ဆီဂျင်ပြတ်လပ်မှု ဖြစ်ပွားပြီး ၄ ဦး သေဆုံးခဲ့ကာ ၁ ဦး ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေရပါတယ်။
မြို့တော် News Channel