တောင်ကြီးတန်ဆောင်တိုင်ပွဲ ဘားတွေနဲ့ ကားပါကင်တွေကိုသာ ဦးစားပေး စီစဉ်ထားလို့ ဝေဖန်မှုတွေ ရှိနေ
နိုဝင်ဘာ ၁၇
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ ကျင်းပနေတဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်မှာ ပွဲကျင်းပရာ အဝေရာကွင်း ပတ်လည်ရှိ တောင်စောင်းတွေမှာပါ ကားပါကင်၊ ဘားနဲ့ ဆိုင်ခန်းတွေကို နေရာချထားတာကြောင့် မီးပုံးပျံလွှတ်တင်မှုကို အများပြည်သူနဲ့ ဒေသခံမိသားစုတွေ လွတ်လပ်စွာ ကြည့်ရှုနိုင်မယ့် နေရာမရှိတော့ဘဲ ဝေဖန်မှုတွေ မြင့်တက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အခုနှစ်ပွဲတော်မှာ မီးပုံးပျံလွှတ်တင်တဲ့ ကွင်းအလယ်ပိုင်းမှာ ကားပါကင် ပြုလုပ်ထားပြီး ကွင်းပတ်လည်နဲ့ တောင်စောင်းနေရာတွေမှာ ဘားဆိုင်တွေ၊ စီးပွားရေးဆိုင်ခန်းတွေနဲ့ အခြားလုပ်ငန်းတွေ နေရာယူထားတယ်လို့ ဆိုပါတယ်။
“အရင်နှစ်တွေဆို ကွင်းဘေးက တောင်စောင်းတွေမှာ ဖျာခင်းပြီး မိသားစုလိုက် ထိုင်ကြည့်လို့ရတယ်။ ဒီနှစ်တော့ ကားပါကင်တွေနဲ့ ဘားဆိုင်တွေ၊ ဆိုင်ခန်းတွေ နေရာယူထားတော့ ထိုင်ကြည့်စရာနေရာ မရှိသလောက် ဖြစ်နေပြီ။ ကလေးတွေနဲ့လာတဲ့ မိသားစုတွေ၊ အရက်ဘီယာ မသောက်ဘဲ ရိုးရာမီးပုံးပျံပွဲကိုပဲ လာကြည့်ချင်တဲ့သူတွေ ဘယ်နေရာမှာ သွားကြည့်ရမလဲဆိုတာ မေးစရာဖြစ်နေတယ်” လို့ တောင်ကြီးဒေသခံတဦးက ပြောပါတယ်။
အခုနှစ် ပွဲကြည့်ရှုဖို့ နေရာ လျော့နည်းလာတဲ့အပြင် ပွဲဖွင့်ပွဲနေ့မှာတင် လူအုပ်ကြီးအတွင်း တိုးမရ၊ ထွက်မရ ဖြစ်ပြီး လူအုပ်တိုင်း လိုက်ပါသွားရတဲ့ အခြေအနေတွေ ရှိခဲ့သလို လူတချို့ မူးမော်ခြင်း၊ သတိလစ်တာနဲ့ လူအုပ်ကြား ညပ်မိတောတွေ ကြုံတွေ့ခဲ့ရတယ်လို့ အဆိုပါဒေသခံက ဆိုပါတယ်။
“တန်ဆောင်တိုင် မီးပုံးပျံပွဲဆိုတာ ဘားထဲမှာထိုင်ပြီး ဘီယာသောက်ရုံနဲ့ ကြည့်ရတဲ့ပွဲ မဟုတ်ဘူး။ ကွင်းကျယ်ကျယ်မှာ မီးပုံးပျံလွှတ်တင်တာကို မိသားစုတွေ၊ လူငယ်တွေ အားလုံး အတူတူပျော်ပျော်ရွှင်ရွှင် ကြည့်ရှုနိုင်ရမယ့် ရိုးရာပွဲတော်ပါ။ အခုတော့ ဘီယာဆိုင်တွေ၊ အရက်ဘားတွေနဲ့ ဘီယာကြော်ငြာတွေက နေရာအပြည့်ယူထားပြီး ပွဲဈေးမှာလည်း အစားအသောက်ဆိုင်တွေထက် ဘောလုံးပစ်ဂိမ်းလို အရက်ဘီယာနဲ့ ဆက်စပ်တဲ့ ကစားနည်းတွေကို ပိုတွေ့နေရတယ်။ လူငယ်တွေနဲ့ မိသားစုတွေအတွက် အဆင်မပြေဘူး” လို့ ပွဲလာရောက်ကြည့်ရှုသူတဦးက ပြောပါတယ်။
ရိုးရာပွဲတော်တခုမှာ အများပြည်သူ ပျော်ရွှင်မှုနဲ့ လုံခြုံရေးကို ဦးစားပေး စီမံဖို့ လိုအပ်ပေမယ့် အခုနှစ်ပွဲတော်မှာတော့ စီးပွားရေးလုပ်ငန်းတွေအတွက် နေရာချထားမှုကို ဦးစားပေးထားတဲ့ပုံစံ ဖြစ်နေတယ်လို့ သူကဆိုပါတယ်။
ဒါပြင် နိုဝင်ဘာ၁၆ ရက်ညကလည်း မီးပုံးပျံ ပျက်ကျပြီး ယမ်းမီးတွေ ကားပါကင်အတွင်း ကျရောက်ခဲ့တာကြောင့် ဆိုင်ကယ် ၂ စီး မီးလောင်မှု ဖြစ်ပွားခဲ့တဲ့အတွက် ကွင်းနဲ့နီးကပ်တဲ့ နေရာတွေမှာ ယာဉ်တွေရပ်နားထားတာက ဘေးအန္တရာယ်နဲ့ လုံခြုံရေး စီမံခန့်ခွဲမှုအပေါ်လည်း စိုးရိမ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။
မြို့တော် News Channel