မန္တလေးမှာ သေနတ်ပစ်ဖောက် ခြိမ်းခြောက်ပြီး လုယက်မှု နှစ်ခုဖြစ်ပွား
နိုဝင်ဘာ ၅
မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ၅၅ လမ်း ၊၂၆ လမ်းနဲ့ ၂၇ လမ်းကြားက "Pro Solar Energy & Led Lighting " ဆိုင်ကို နိုဝင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၈ မိနစ်ခန့်က သေနတ်ပစ်ဖောက် ခြိမ်းခြောက်လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဆိုင်ကယ်ဦးထုပ်ဆောင်း၊ Mask တပ်၊ အင်္ကျီ လက်ရှည်နဲ့ ဂျင်းဘောင်းဘီ ဝတ်ထားတဲ့ အမျိုးသား ၁ ဦးက သေနတ်အတို နဲ့ ၂ ချက်ပစ်ခတ် ခြိမ်းခြောက်ခဲ့ပြီး ငွေတောင်းခံခဲ့ပေမယ့် ငွေမရရှိသွားဘဲ ဆိုင်ထဲကနေ ပြန်ထွက်သွားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မန္တလေးချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ရွှေယဥ်မွန်ရပ်၊ ၅၈ လမ်း၊ ၃၂ လမ်းနဲ့ ၃၂ A လမ်းကြားက "Lwin " ဖုန်းဆိုင်ကို ညနေ ၅ နာရီ ၅၈ မိနစ်ခန့်မှာလည်း သေနတ်အတို နဲ့ ၂ ချက်ပစ်ခတ် ငွေတောင်းခံခဲ့ပြီး ဆိုင်အတွင်းက ကောင်တာရိုက်ခွဲကာ ပိုက်ဆံနဲ့ လက်ကိုင်ဖုန်း ၄ လုံးကို ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
"ဆိုင်ကယ်နဲ့ ရောက်လာပြီးတော့ ကောင်တာမှန်ကို ရိုက်ခွဲပြီး အထဲကဖုန်း ၄ လုံးကို ယူတယ်၊ သေနတ်နဲ့လည်း ၂ ချက်ပစ်တယ်၊ လူတွေတော့ မထိဘူး၊ ဖုန်းတွေနဲ့ ငွေတွေတော့ ပါသွားတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။
လတ်တလောမှာ ဆိုင်အတွင်းက CCTV တွေကို ရဲက လာရောက်စစ်ဆေးပြီး ပြစ်မှုကျူးလွန်သူ ထွက်ပြေးသွားတဲ့ လမ်းတလျှောက်က CCTV မှတ်တမ်းတွေကို လိုက်လံကြည့်ရှုစစ်ဆေးကာ တရားခံကိုဖမ်းဆီးရမိနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
မြို့တော် News Channel