ဆင်ပေါင်ဝဲမြို့နယ်ထဲကို အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့လို့ အသက်ကြီးပိုင်း ၂ ဦး စိုးရိမ်ဒဏ်ရာရ
နိုဝင်ဘာ ၁၆
မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်က ငါးရံ့ချောင်းရွာကို အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အသက်ကြီးပိုင်း ၂ ဦး ထိခိုက်ဒဏ်ရာရကာ အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၁၅ ရက် မနေ့က နေ့လယ် ၂ နာရီခွဲဝန်းကျင်မှာ အောင်လံမြို့နယ်ရှိ ကပစ(၁၅)ကနေ ပစ်လွှတ်လိုက်တဲ့ အသေခံဒရုန်း ၁ စင်းဟာ ဆင်ပေါင်ဝဲမြို့နယ်၊ ငါးရံ့ချောင်းကျေးရွာထဲ ကျရောက် ပေါက်ကွဲခဲ့ပြီး နေအိမ်တွေ ပျက်စီးခဲ့ကာ အသက်ကြီးပိုင်း အရပ်သား ၂ ဦး ဗုံးစထိမှန် ဒဏ်ရာပြင်းထန် ရခဲ့တယ်လို့ သိရပါတယ်။
“ကပစ ၁၅ က လွှတ်လိုက်တဲ့ အသေခံဒရုန်းပါ၊ ဒီမှာက တော်လှန်ရေးတပ်တွေလည်း မရှိဘူး၊ တိုက်ပွဲလည်းဖြစ်တဲ့ရွာမဟုတ်ဘူး၊ အကြောင်းအရင်း မရှိဘဲ ရွာကို တိုက်ခိုက်တာ” လို့ ဒေသခံတဦးက ပြောပါတယ်။
ဗုံးစထိမှန်ခဲ့တာကြောင့် နေအိမ်ပျက်စီးပြီး အသက် ၆၀ ဝန်းကျင် ဒေါ်ဗျော့ကြီး ဆိုသူ ဝမ်းဗိုက် ဗုံးစဖောက်ဝင်ဒဏ်ရာ ၁ ချက်နဲ့ မေးစေ့အောက်ပိုင်း ၁ ချက် ထိမှန်ခဲ့တယ်လို့ သိရပြီး အသက် ၆၀ အရွယ် ဦးမြင့်အေး ဆိုသူ ဦးခေါင်း ဗုံးစထိမှန်ဒဏ်ရာ ၁ ချက် ရခဲ့တယ်လို့ သိရပါတယ်။
လတ်တလောမှာ ဗုံးစထိမှန်သူတွေ ဒဏ်ရာပြင်းထန်တာကြောင့် စိုးရိမ်ရတဲ့ အခြေအနေဖြစ်နေပြီး အသေခံဒရုန်း ကျရောက်ခဲ့တဲ့ ကျေးရွာဟာ တိုက်ပွဲဖြစ်ပွားတာ မရှိသလို တော်လှန်ရေးတပ်တွေလည်း မရှိတဲ့ ကျေးရွာဖြစ်တယ်လို့ သိရပါတယ်။
မြို့တော် News Channel