အာဏာသိမ်းစစ်အုပ်စုရဲ့ တပ်သား ၂ ဦး အချင်းချင်း စကားများရန်ဖြစ်ပြီး သေနတ်နဲ့ ပစ်ခတ်လို့ ၁ ဦး သေဆုံး
နိုဝင်ဘာ ၁၆
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်၊ မိုင်းကောင်ကျေးရွာမှာ အာဏာသိမ်းစစ်အုပ်စုရဲ့ တပ်သား ၂ ဦး အချင်းချင်း စကားများကာ သေနတ်နဲ့ ပစ်ခတ်ရာက ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၁၄ ရက်၊ နေ့လယ် ၂ နာရီဝန်းကျင်က မိုင်းကောင်ကျေးရွာအုပ်စု၊ နမ့်ပန်ချောင်း အဆင်းလမ်းဘက်ရှိ အာဏာသိမ်းစစ်အုပ်စုရဲ့ ခလရ(၃၃) တပ် စစ်ဆေးရေးဂိတ်မှာ အရက်အတူ သောက်ကြရင်း ရန်ဖြစ်ကာ သေနတ်နဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
“အရက်အတူသောက်နေရင်းနဲ့ မိန်းမကိစ္စနဲ့ စကားများကြတာလို့ ပြောသံကြားတယ်။ တယောက်က ဓားနဲ့ ထိုးလိုက်တာမှာ အထိုးခံရတဲ့သူက ဘေးက သေနတ်ယူပြီး ပစ်လိုက်တာ။ ဘေးက စစ်သားတွေ ဆွဲချိန်တောင် မရလိုက်ဘူး။ တချက်ပဲ တန်းသေတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
သောက်စားပြီး ရန်ဖြစ်ခဲ့သူ ၂ ဦးဟာ ခလရ(၃၃) တပ်ရင်းက တပ်သား ချစ်ဘိုနဲ့ တပ်သား အောင်လင်းစိုး ဆိုသူတို့ ဖြစ်ကြပြီး တပ်သား ချစ်ဘိုက တပ်သား အောင်လင်းစိုးရဲ့ ရင်ဘတ်ကို ဓားနဲ့ ထိုးခဲ့တာကြောင့် တပ်သား အောင်လင်းစိုးက သေနတ်နဲ့ ပြန်လည်ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
သေနတ်နဲ့ ပစ်ခတ်မှုကြောင့် တပ်သား ချစ်ဘိုရဲ့ ဦးခေါင်း ကျည်ထိမှန်ပြီး အခင်းဖြစ်တဲ့ နေရာမှာပဲ ဦးခေါင်းပွင့်ထွက်ကာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သေနတ်နဲ့ ပစ်ခတ်ခဲ့သူ တပ်သား အောင်လင်းစိုးကိုတော့ ဓားဒဏ်ရာ ရရှိခဲ့တာကြောင့် အာဏာသိမ်းစစ်အုပ်က စစ်ဆေးရုံမှာ ဆေးဝါးကုသမှုပေးနေတယ်လို့ သိရပြီး စစ်ဥပဒေနဲ့အညီ အရေးယူမယ်လို့လည်း သိရပါတယ်။
မြို့တော် News Channel