ရွှေမင်းဝန်ဘုရားပွဲမှာ စားသောက်ဆိုင်ထဲ ထိုင်နေတဲ့ ပြည်သူ့စစ်အဖွဲ့ကို လူငယ် ၂ ဦးက သေနတ်နဲ့ တရစပ် ဝင်ရောက်ပစ်ခတ်လို့ ၆ ဦး သေဆုံးကာ ၅ ဦး စိုးရိမ်ရ
နိုဝင်ဘာ ၁၉
မန္တလေးတိုင်း၊ မြစ်သားမြို့နယ်၊ ရွှေမင်းဝန်ကျေးရွာ၊ ရွှေမင်းဝန်ဘုရားပွဲအတွင်းမှာ စားသောက်ဆိုင်ထဲ ထိုင်နေတဲ့ ပျူစောထီး ပြည်သူ့စစ် ၂ ဖွဲ့ကို အမည်မသိ လူငယ်တစုက သေနတ်နဲ့ ဝင်ရောက် ပစ်ခတ်ရှင်းလင်းခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၁၈ ရက်နေ့ ည ၁၀ နာရီခွဲဝန်းကျင်က ကျောက်ဆောက်ကျေးရွာအခြေပြု ပြည်သူ့စစ်ခေါင်းဆောင် ဦးလှဝင်းဦးစီးတဲ့ အဖွဲ့နဲ့ တခြားအဖွဲ့တခုဟာ ပွဲဈေးထဲက စားသောက်ဆိုင်တခုမှာ ထိုင်နေချိန် လူငယ် ၂ ဦးက သေနတ်နဲ့ တရစပ် အတွဲလိုက် ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
ပစ်ခတ်မှုကြောင့် ပြည်သူ့စစ်တွေနဲ့ စားသောက်ဆိုင်ထဲ ထိုင်နေသူတွေ ထိခိုက် သေဆုံးခဲ့ရပြီး ပြည်သူ့စစ်ခေါင်းဆောင် အပါအဝင် စုစုပေါင်း ၆ ဦး သေဆုံးခဲ့ကာ ၅ ယောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
“စက်သေနတ်အရှည်နဲ့ ဝင်ပစ်သွားတာ၊ ပြည်သူ့စစ်အဖွဲ့ ၂ ဖွဲ့ ဆိုင်ထိုင်နေချိန် အပစ်ခံရတာ။ ပြည်သူ့စစ်ခေါင်းဆောင်ဘက်အခြမ်းက ဆိုင်အဝင်ကနေ စပစ်တာ၊ ပြည်သူ့စစ်ခေါင်းဆောင် ခေါင်းပွင့်သွားတယ်လို့ ပြောတယ်။ တခြားဆိုင်ထဲက အရပ်သားတွေလည်း ထိတာရှိတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်သူ အသက် ၆၀ အရွယ် ဦးလှဝင်း ဆိုသူ ညာလက်ပြင်နဲ့ ညာဘက်ပေါင်တို့မှာ ပွင့်ထွက်ဒဏ်ရာ ၁ ချက်စီနဲ့ ဦးခေါင်းထိမှန်ဒဏ်ရာ ၁ ချက် ရရှိခဲ့ပြီး ပြည်သူ့စစ်အဖွဲ့ဝင်ဖြစ်တဲ့ အသက် ၂၄ အရွယ် မင်းရာဇာဦး ဆိုသူ ညာချိုင်းအောက်ဖောက်ဝင်ဒဏ်ရာ ၁ ချက် ရရှိခဲ့ကာ နေရာမှာတင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မြစ်သားမြို့ ရွာသစ်ကျေးရွာက အရပ်သား အောင်မင်းသိန်း ဆိုသူ ဝမ်းဗိုက်၊ ဝဲဘက်ရင်အုံနဲ့ နောက်ကျောတို့မှာ ဖောက်ဝင်ဒဏ်ရာ ၁ ချက်စီ ရရှိခဲ့ပြီး ဆင်ကွတ်ရွာက အသက် ၃၄ နှစ်အရွယ် ထိုက်အောင် ဆိုသူက ဝဲဘက်ရင်ညွန့်၊ ညောင်ပင်ကျေးရွာက အသက် ၂၂ နှစ်အရွယ် မဖြိုးနန္ဒ ဆိုသူက ဝဲဘက်ရင်ညွန့်အောက်နဲ့ အခြားအမျိုးသားတဦးက ညာဘက်ရင်အုံတို့မှာ ဖောက်ဝင်ဒဏ်ရာ ၁ ချက်စီ အသီးသီးရရှိကာ အခင်းဖြစ်ပွားရာနေရာမှာပဲ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒဏ်ရာပြင်းထန်ရသူ ၅ ဦးထဲက ပြည်သူ့စစ်အဖွဲ့ဝင် အသက် ၂၄ နှစ်အရွယ် သက်နိုင်ထွန်း ဆိုသူက ဝဲဘက်လက်မောင်း ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ကျောက်တောက်ကျေးရွာက အသက် ၃၄ နှစ်အရွယ် ကိုခိုင်ကိုကို ဆိုသူက ဝဲမျက်ခုံး ပေါက်ပြဲဖူးရောင်ဒဏ်ရာ၊ တဲကြီးကျေးရွာက အသက် ၃၆ နှစ်အရွယ် ကိုချစ်ဝိုင်း ဆိုသူက ညာဘက်တင်ပါး ဖောက်ဝင်ဒဏ်ရာ ၁ ချက်နဲ့ ညာလက်ခုံ ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ကင်းစိန်ဈေးအရှေ့ကျေးရွာက အသက် ၃၀ အရွယ် ကိုသက်ပိုင်မှူး ဆိုသူက ပါးစပ်ပွင့်ထွက် မေးရိုးကျိုးဒဏ်ရာနဲ့ ဝဲလက်မောင်း ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ မင်းဝန်ရွာက အသက် ၂၆ နှစ်အရွယ် မမိုးသဲ ဆိုသူက ဝဲဘက်ပခုံး ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက် အသီးသီး ရရှိခဲ့ကာ ၅ ဦးစလုံး စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။"
အခင်းဖြစ်ပွားပြီနောက် ပစ်ခတ်ခဲ့သူတွေကို အာဏာသိမ်းစစ်တပ်ဘက်က ဖမ်းဆီးရမိတာ မရှိခဲ့ဘဲ ပွဲခင်းထဲကနေ လွတ်မြောက်သွားတယ်လို့ သိရပြီး ရုပ်အလောင်းတွေကို မြစ်သာမြို့နယ်ဆေးရုံကြီးမှာ ရင်ခွဲစစ်ဆေးနေတယ်လို့ သိရကာ မြစ်သာမြို့နယ်အပါအဝင် နေရာတော်တော်များများကို အာဏာသိမ်းစစ်တပ်ဘက်က ပိုက်ဆိပ်တိုက် ရှာဖွေစစ်ဆေးမှုတွေ တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
မြို့တော် News Channel