မြို့နယ်အုပ်ချုပ်ရေးမှူး မျက်နှာဒဲ့ကြည့်ပြီး "ဘာကောင်ကြီး ဖြစ်နေနေ ဂရုမစိုက်ဘူး၊ မကြောက်ဘူး" ပြောခဲ့တယ်လို့ ရပ်ကွက်အုပ်ကြီး ကြွားလုံးထုတ်နေမှုအပေါ် ဝန်ထမ်းတွေ မကျေနပ်ဖြစ်နေ
နိုဝင်ဘာ ၂၁
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၇၈) ရပ်ကွက်အုပ်ချုပ်ရေးမှူး အတာကြီး (ခ) မျိုးဝင်း ဆိုသူဟာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး မျက်နှာကို ဒဲ့ကြည့်ပြီး "ဘာကောင်ကြီး ဖြစ်နေနေ ဂရုမစိုက်ဘူး၊ မကြောက်ဘူး" ပြောခဲ့တယ်ဆိုပြီး ကြွားလုံးထုတ်နေမှုအပေါ် ဌာနတွင်းနဲ့ ရပ်ကွက်စာရေးတွေ မကျေမနပ်ဖြစ်နေကြောင်း အသံဖိုင်မှတ်တမ်းနဲ့အတူ ပေးပို့လာမှုအရ သိရပါတယ်။
(၇၈) ရပ်ကွက်အုပ်ချုပ်ရေးမှူး အတာကြီး (ခ) မျိုးဝင်း ဆိုသူဟာ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဖြိုးသူမောင် ထံမှ အကာအကွယ်ရဖို့အရေး နေ့စဉ်ဟင်းစားပို့ပေးတာ၊ နှစ်ပတ်တစ်ခါ မိန်းကလေးတွေ ပို့ဆောင်ပေးတာတွေ လုပ်ဆောင်ပြီး ဖားယားဆက်ဆံနေပေမဲ့ ရပ်ကွက်အတွင်းမှာတော့ ဘယ်သူ့မှဂရုမစိုက်ဘူးဆိုပြီး မကြာခဏ ပြောဆိုမှုတွေရှိနေတယ်လို့ ဆိုပါတယ်။
ပေါက်ကြားလာတဲ့ အသံဖိုင်အရ "ငါ ဘယ်လိုလူမျိုးမှ ဂရုမစိုက်ဘူး။ ဘာအကောင်ကြီး ဖြစ်နေနေ ဂရုမစိုက်ဘူး။ ကြောက်လည်း မကြောက်ဘူး။ စိတ်လည်း မဝင်စားဘူး ။ ငါ ဘယ်ကလာတယ် ဆိုတာလည်း မင်းတို့သိမှာ မဟုတ်ဘူး။ မြို့နယ်အုပ်ချုပ်ရေးမှူး မျက်နှာ ဒဲ့ကြည့်ပြီး ပြောတာ။ ကျွန်တော် ကြောက်ရမယ့်သူ မမွေးသေးဘူးနော်လို့။ အဲ့လို ဒဲ့ကြည့်ပြီး ပြောခဲ့တယ်။ ကြောက်လည်း မကြောက်တတ်ဘူး" လို့ အသံမှတ်တမ်းဖိုင်အရ သိရပါတယ်။
ဒါ့အပြင် အုပ်ချုပ်ရေးမှူး အတာကြီး (ခ) မျိုးဝင်း ဟာ သူ့ရဲ့ညာလက်ရုံး လူမိုက် ကြည်စိုး အပါအဝင် လူမိုက်တွေကို ရာအိမ်မှူး၊ ဆယ်အိမ်မှူး ရာထူးတွေပေးထားပြီး ငွေတိုးချေးစားခိုင်းနေသလို ကျူးကျော်အိမ်က လူငယ်တွေကိုလည်း ဖမ်းဆီးကာ (၈၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး ကြည်လင်း ဆီ တဦးကို သိန်း ၁၀၀ ကနေ ၁၄၀ ကြားနဲ့ ရောင်းစားနေတယ်လို့ သိရပါတယ်။
အုပ်ကြီး အတာကြီး (ခ) မျိုးဝင်း ဟာ ရပ်ကွက်အတွင်းနေထိုင်တဲ့ ဦးမြင့်မောင်ရဲ့ သားဖြစ်သူ စိုးသူမော် ကို စစ်မှုထမ်းပါတယ်ဆိုပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကာ ဆိပ်ကြီးခနောင်မြို့နယ်ကိုယ်စားပြုဆိုပြီး ၁၄၈ သိန်းနဲ့ ရောင်းစားခဲ့သေးတယ်လို့ သိရပါတယ်။
"(၇၈) ရပ်ကွက် အုပ်ကြီး မျိုးဝင်းက လူငယ်တွေကို ဖမ်းပြီး (၈၁) ရပ်ကွက်အုပ်ကြီး ကြည်လင်းဆီကို ရောင်းစားတယ်။ ကြည်လင်း ကလည်း ဧရာဝတီတိုင်းကို ပြန်ရောင်းစားပါတယ်။ ရပ်ကွက်ထဲက လုပ်ငန်းရှင်တွေဆီကလည်း လစဉ်ဆက်ကြေးကောက်တယ်။ ရွှေဧကရာဇ် ဟိုတယ်နဲ့ ၆၉ ဂတ်ဆော့ဟိုတယ် တို့ဆီကနေ တလကို ၃ သိန်းကျပ်စီ ကောက်တယ်၊ Royal တည်းခိုခန်းနဲ့ ၇၈ တည်းခိုခန်းတို့ကနေ တလ ၂ သိန်းကျပ်စီ ကောက်တယ်။ လိုင်းခန်းပိုင်ရှင်တွေနဲ့ ဘီယာဆိုင်တွေဆီကနေ တလ ၁ သိန်းကနေ ၃ သိန်းအထိ စစ်မှုထမ်းကြေးဆိုပြီး လစဉ်ဆက်ကြေးကောက်ခံနေတယ်" လို့ ရပ်ကွက်နေပြည်သူတစ်ဦးက မြို့တော်ကို ပြောပါတယ်။
(၇၈) ရပ်ကွက်အုပ်ချုပ်ရေးမှူး အတာကြီး (ခ) မျိုးဝင်း ဟာ ကျူးကျော်အိမ် ၆၀ ဖျက်သိမ်းစဉ်က လာဘ်ငွေ ၇၅၈ သိန်းရယူထားသလို သူ့အုပ်ကြီးနေရာ ပြုတ်သွားပါက အစားထိုးခန့်ပေးမယ်လို့ဆိုကာ (၇၇) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဇော်လင်းဦးရဲ့ သားဖြစ်သူ ရဲခန့်ကျော် ဆီကလည်း လာဘ်ငွေ သိန်း ၅၀၀ ယူထားတယ်လို့ သိရပြီး အုပ်ကြီး မျိုးဝင်း ဟာ အရင်က ဆိုင်ကယ်အစုတ်လေးသာ စီးနိုင်ခဲ့ရာကနေ အခုဆိုရင် ၇၇ နဲ့ ၇၈ ရပ်ကွက်တွေမှာ နှစ်ထပ်တိုက်ကြီးတွေ ဆောက်ထားသလို ဇနီးဖြစ်သူရဲ့ ရွာမှာလည်း မြေဧက ၄၀ ကျော်အထိ ပိုင်ဆိုင်နေပြီဖြစ်တယ်လို့ သိရပါတယ်။
မြို့တော် News Channel