Local News

Woman Killed in Exchange of Fire Between Pyu Saw Htee’s Son and Revolutionary Forces in Yaypokegyi Village

Aug 29, 2026 Myo Taw
Woman Killed in Exchange of Fire Between Pyu Saw Htee’s Son and Revolutionary Forces in Yaypokegyi Village

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကြီးကျေးရွာနဲ့ ကျောင်းကုန်းကြီးကျေးရွာကြားမှာ ပျူစောထီး အဖွဲ့ဝင်တွေ မောင်းလာတဲ့ သုံးဘီးဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာက အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး သုံးဘီးပေါ်ပါလာတဲ့ အမျိုးသမီး ၁ ဦး သေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ်လ ၂၉ ရက် ဒီကနေ့မနက်ပိုင်း ၇ နာရီခန့်က ရေပုတ်ကြီးကျေးရွာက ပျူစောထီး ငကျန်ဆိုသူရဲ့ သားဖြစ်သူဟာ ရေပုတ်ကြီးရွာကနေ ကျောင်းကုန်းကြီးရွာကို ခရီးသည်တွေနဲ့အတူ သုံးဘီးဆိုင်ကယ်နဲ့ ထွက်လာစဥ် လမ်းခုလတ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက ရပ်တန့်ရန် တားဆီးရာက အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့တာလို့ သိရပါတယ်။

"ပျူခေါင်းဆောင် ငကျန်ရဲ့သားနဲ့ PDF နဲ့ဖြစ်တာ။ တော်လှန်ရေးတပ် PDF တွေက သုံးဘီးကိုတားပြီး စစ်တာ။ သုံးဘီးက ခဏရပ်ပြီး မောင်းပြေးသွားတာ။ မောင်းပြေးတဲ့သုံးဘီးကို နောက်ကနေ သေနတ်နဲ့လှမ်းပစ်တော့ သုံးဘီးသမားက အောက်ဆင်းပြီး ကိုင်းတောထဲကနေ လက်ပစ်ဗုံးနဲ့ ပြန်ပစ်တာ။ နှစ်ဖက်ပစ်ခတ်တာနဲ့ သုံးဘီးပေါ်က လူတွေ ထိကုန်တယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

အပြန်အလှန် ပစ်ခတ်မှုကြောင့် ရေပုတ်ကြီးကျေးရွာ(စရစ်ဝိုင်းလေးတို့ရွာ)သူ အသက် ၄၀ ကျော် အမျိုးသမီး ၁ ဦး နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ကာ ကျန်အမျိုးသမီး ၁ ဦးလည်း ထိခိုက်ဒဏ်ရာ ပြင်းထန်ရခဲ့တယ်လို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေကို ပွင့်ဖြူဆေးရုံကို အရေးပေါ် တင်ခဲ့ကြရတယ်လို့ သိရပြီး ရေပုတ်ကြီးကျေးရွာဟာ အာဏာသိမ်းစစ်တပ်လက်အောက်ခံ ပျူစောထီးတွေနဲ့ စစ်သားတွေ ဝင်ရောက်နေထိုင်နေကြတဲ့ ကျေးရွာဖြစ်တယ်လို့လည်း သိရပါတယ်။