တောင်ဒဂုံ ၅၅ ရပ်ကွက်မှာ လူငယ်တွေကို ရိုက်နှက်ဖမ်းဆီးပြီး စစ်မှုထမ်းအတွက် သိန်း ၈၀ နဲ့ ပြန်ရောင်းစားနေ
နိုဝင်ဘာ ၁၉
ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်၊ ၅၅ ရပ်ကွက်မှာ အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပေါင်းပြီး စစ်မှုထမ်း လူစားထိုးရောင်းစားဖို့ လူငယ်တွေကို အရပ်ဝတ်နဲ့ လိုက်လံရိုက်နှက်ကာ ဖမ်းဆီးနေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
၅၅ ရပ်ကွက်ထဲမှာ အရပ်သားယောင်ဆောင် အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင် ဇော်ဖြိုး ဆိုသူဟာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ပေါင်းပြီး ညနေ ၆ နာရီကျော်တိုင်း Mark II အဖြူရောင် 9D-2807 နဲ့ Taxi Probox AA-6817 ကားတွေနဲ့ လိုက်လံဖမ်းဆီးနေတာ ဖြစ်တယ်လို့ သိရပါတယ်။
"တောင်ဒဂုံအပြင် ဒဂုံဆိပ်ကမ်း၊ မြောက်ဒဂုံနဲ့ အရှေ့ဒဂုံဘက်က လူသွားလူလာပြတ်တဲ့ နေရာတွေ၊ ကားဂိတ်မှာ ကားစောင့်နေတဲ့ လူငယ်တွေနဲ့ စက်ဘီးစီးပြန်လာတဲ့ လူငယ်တွေကို သူတို့က ရဲတွေလို့ပြောပြီး အတင်းရိုက်နှက် ကားပေါ်ဆွဲတင် ဖမ်းနေကြတာပါ" လို့ ဒေသခံတဦးက မြို့တော်ကို ပြောပါတယ်။
ဖမ်းထားတဲ့ လူငယ်တွေကို ဘားတိုက်ထဲမှာ ထိန်းသိမ်းထားပြီး လူဝယ်ချင်တဲ့ တခြားရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ချိတ်ဆက်ရောင်းနေသလို ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းကလည်း လူငယ် ၅ ယောက်ကို တစ်ယောက် ကျပ်သိန်း ၈၀ နဲ့ ဧရာဝတီတိုင်းဘက် ရောင်းစားခဲ့တယ်လို့ သိရပါတယ်။
"အဲဒီအဖွဲ့က ရပ်ကွက်ထဲမှာ WY ဆေးပြားတွေကို ပေါ်တင်ရောင်းသုံးနေပြီး ဆေးလာဝယ်တဲ့ လူငယ်တချို့ကိုလည်း ပြန်ဖမ်းနေတော့ ရပ်ကွက်ထဲမှာ လုံခြုံမှုကို မရှိတော့ဘူး" လို့ ဒေသခံတဦးက ပြောပါတယ်။
အလားတူ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက် ည ၁၀ နာရီခန့်က စမ်းချောင်းမြို့နယ်၊ စမ်းချောင်း (တောင်) ရပ်ကွက်၊ ဆီဆုံလမ်းထဲမှာ အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့အဖွဲ့ဟာ ဧည့်စာရင်းဝင်စစ်ပြီးအပြန်မှာ စည်ပင်ရုံ အမှိုက်ကန်ဘက် လမ်းလျှောက်နေတဲ့ စည်ပင်ဝန်ထမ်း ၁ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သလို နိုဝင်ဘာလ ၉ ရက်နေ့ကလည်း စမ်းချောင်း (တောင်) ရပ်ကွက်ထဲ ဧည့်စာရင်း ဝင်စစ်ခဲ့ပြီး လူ ၁ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ Rangoon Scout Network က ဖော်ပြထားပါတယ်။
ဒါ့အပြင် နိုဝင်ဘာလ ၁၀ ရက် ည ၁၀ နာရီခန့်ကလည်း လှိုင်မြို့နယ်၊ ၁၆ ရပ်ကွက်၊ မာလာမြိုင် ၁၀ လမ်းထဲမှာ အသက် ၂၈ နှစ်အရွယ် အမျိုးသား ၁ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သလို မာလာမြိုင် ၇၊ ၈၊ ၉ လမ်းတွေထဲကို လိုက်လံစစ်ဆေးခဲ့ပြီး စုစုပေါင်း အမျိုးသား လူငယ် ၆ ဦးခန့်ကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့တယ်လို့ သိရပါတယ်။
မြို့တော် News Channel