မုတ်သုံလေ အားကောင်းဆဲဖြစ်လို့ မြန်မာ့ကမ်းရိုးတန်းနှင့် တောင်တန်းဒေသတွေမှာ မိုးသည်းထန်စွာ စဉ်ဆက်မပြတ် ရွာသွန်းနိုင်တယ်လို့ဆို
ဇူလိုင် ၇
အိန္ဒိယမိုးလေဝသဌာန (IMD) ရဲ့ ဇူလိုင် ၇ ရက်နေ့ ထုတ်ပြန်ချက်အရ အိန္ဒိယနိုင်ငံ ချာတစ်ဂါး မြောက်ပိုင်းမှာ တည်ရှိခဲ့တဲ့ မုန်တိုင်းငယ်ဟာ ပိုမိုရွေ့လျားသွားပြီး အရှေ့ပိုင်းနှင့် ပတ်ဝန်းကျင် ဒေသတွေမှာ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်း အဖြစ်သို့ အားလျော့သွားခဲ့ပြီ ဖြစ်တယ်လို့ဆိုပါတယ်။ ၎င်းစနစ်ဟာ ဆက်လက်ပြီး အနောက်-အနောက်မြောက်ဘက်သို့ နှေးကွေးစွာ ရွေ့လျားပြီး လာမယ့် ၂၄ နာရီအတွင်း ပိုမိုအားလျော့သွားမယ်လို့ ဆိုပါတယ်။
ကုန်းတွင်းမှာ ဆက်လက်ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ အိန္ဒိယနိုင်ငံအလယ်ပိုင်းသို့ ရောက်ရှိပြီး ဖြည်းဖြည်းချင်း အားပျော့သွားနိုင်ပေမယ့် ၎င်းရဲ့အရှိန်ကြောင့် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တို့မှာ အနောက်တောင် မုတ်သုံလေ ဆက်လက်အားကောင်း နေမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံအပေါ် သက်ရောက်နိုင်တဲ့ မိုးလေဝသ အခြေအနေကတော့ မုတ်သုံလေစီးကြောင်းတွေဟာ ရခိုင်ကမ်းရိုးတန်းနှင့် မြန်မာနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းဒေသတွေဆီ တိုက်ရိုက်ဝင်ရောက်နေဆဲဖြစ်တာကြောင့် မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ တိမ်တိုက်များ ထူထပ်စွာ ဖြစ်ထွန်းနေပြီး ကမ်းရိုးတန်းနှင့် တောင်တန်းဒေသတွေမှာ မိုးသည်းထန်စွာ စဉ်ဆက်မပြတ် ရွာသွန်းနိုင်ခြေရှိတယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းသုံးသပ်ထားပါတယ်။
လာမယ့် ၁ ပတ်အတွင်း မိုးရွာသွန်းမှု ခန့်မှန်းချက်တွေကတော့ ရခိုင်ပြည်နယ်မှာ စုစုပေါင်း မိုးရေချိန် ၄၅၀ မီလီမီတာ အထက်အထိ ရရှိနိုင်ပြီး မိုးအလွန်များပြားနိုင်တယ်လို့ ဆိုပါတယ်။
တနင်္သာရီတိုင်းမှာ စုစုပေါင်း မိုးရေချိန် ၃၅၀ မီလီမီတာ အထက်အထိ မိုးများနိုင်ပြီး မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် တို့မှာ စုစုပေါင်း မိုးရေချိန် ၃၀၀ မီလီမီတာ ဝန်းကျင်ရရှိနိုင်ပြီး မိုးများနိုင်တယ်လို့ ဆိုပါတယ်။
ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း (အထက်ပိုင်း) တို့မှာ စုစုပေါင်း မိုးရေချိန် ၂၅၀ မီလီမီတာ ဝန်းကျင်ရရှိနိုင်ပြီး မိုးများနိုင်တယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းတို့မှာ စုစုပေါင်း မိုးရေချိန် ၂၀၀ မီလီမီတာ ဝန်းကျင်ရရှိနိုင်ပြီး မိုးအသင့်အတင့်မှ မိုးများနိုင်တယ်လို့ ဆိုပါတယ်။
ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ်တို့မှာ စုစုပေါင်း မိုးရေချိန် ၁၅၀ မီလီမီတာ ဝန်းကျင်ရရှိနိုင်ပြီး မိုးအသင့်အတင့် ရွာသွန်းနိုင်တယ်လို့ ဆိုပါတယ်။
မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် နေပြည်တော် တို့မှာ စုစုပေါင်း မိုးရေချိန် ၆၀ မီလီမီတာမှ ၈၀ မီလီမီတာခန့်သာ ရရှိနိုင်တာကြောင့် မိုးအနည်းငယ်မှ အသင့်အတင့်သာ ရွာသွန်းနိုင်မယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းသုံးသပ်ထားပါတယ်။
မြို့တော် News Channel