လေဖိအားနည်းရပ်ဝန်းကြောင့် လာမယ့် ၇ ရက်အတွင်း ဒေသအတော်များများမှာ မိုးဆက်ကြီးနိုင်တယ်လို့ဆို
စက်တင်ဘာ ၁၇
ICON Model ရဲ့ စက်တင်ဘာလ ၁၇ ရက် ဒီကနေ့ ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံမှ တိုးဝင်လာတဲ့ လေဖိအားမြင့်စနစ် မုတ်သုံမြောင်တန်းဟာ မြန်မာနိုင်ငံအောက်ပိုင်း၊ ထိုင်းနိုင်ငံနှင့် ကပ္ပလီပင်လယ်ပြင်အထက်သို့ နိမ့်ဆင်းလာပြီး စက်တင်ဘာလ ၁၇ ရက်မှ စက်တင်ဘာလ ၂၀ ရက်အတွင်း အားကောင်းတဲ့ အနောက်တောင် မုတ်သုံလေနှင့် ပေါင်းဆုံမယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းသုံးသပ်ထားပါတယ်။
မိုးအား အားအကောင်းဆုံး ကာလအဖြစ် စက်တင်ဘာလ ၁၉ ရက်မှ ၂၁ ရက်အတွင်း ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်လာမှုနှင့်အတူ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်း(တောင်ပိုင်း)တို့မှာ မိုးသည်းထန်စွာ ရွာသွန်းနိုင်ခြေ ရှိတယ်လို့ ဆိုပါတယ်။
စက်တင်ဘာလ ၂၂ ရက် နောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်း (သို့မဟုတ်) မုန်တိုင်းဟာ အနောက်ဘက်နှင့် အနောက်မြောက်ဘက် (အိန္ဒိယဘက်) သို့ ဦးတည်ရွေ့လျားမှာဖြစ်ပြီး မြန်မာနိုင်ငံတောင်ပိုင်းနှင့် စစ်ကိုင်း(အထက်ပိုင်း)တို့မှာ မိုးဆက်လက် ရှိနေမှာဖြစ်ပေမယ့် အလယ်ပိုင်းမှာ မိုးအနည်းငယ် ပြန်လည်လျော့နည်းသွားမယ်လို့ ဆိုပါတယ်။
မိုးအများဆုံး ဇုန်အဖြစ် တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ဖြစ်ပြီး မုတ်သုံလေ အားအလွန်ကောင်းမွန်တာကြောင့် ၇ ရက်အတွင်း မိုးရေချိန် ၃၀၀ မီလီမီတာ မှ ၄၅၀ မီလီမီတာအထိ ရွာသွန်းနိုင်တယ်လို့ ဆိုပါတယ်။
ပဲခူးတိုင်း (တောင်/အရှေ့/အနောက်)၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် နေပြည်တော် တို့မှာ စက်တင်ဘာလ ၁၉ ရက်မှ ၂၁ ရက်အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး ၃ ရက်အတွင်း စုစုပေါင်း မိုးရေချိန် ၁၅၀ မီလီမီတာမှ ၂၇၅ မီလီမီတာအထိ ရရှိနိုင်တယ်လို့ ဆိုပါတယ်။
ပဲခူးမြစ်နှင့် စစ်တောင်းမြစ်ဝှမ်းတို့မှာ မြစ်ရေမြင့်တက်မှုနှင့် မြို့ပြတွေမှာ ရေဝပ်တာ ရေကြီးတာတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။
စက်တင်ဘာလ ၁၇ ရက်နေ့မှ ၁၈ ရက်အတွင်း ထိုင်းနိုင်ငံမြောက်ပိုင်းကို ဖြတ်ကျော်တဲ့ လေဝဲစနစ်တွေကြောင့် ရှမ်းတောင်နှင့် အရှေ့ပိုင်းတို့မှာ မိုးပိုနိုင်ပြီး၊ ၁၉ ရက်မှ ၂၁ ရက်အတွင်း ချင်းပြည်နယ်မှာ မိုးအားကောင်းမယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း(အထက်ပိုင်း)နှင့် ကချင်ပြည်နယ်တို့မှာ မိုးမှန်မှန် ရွာသွန်းမှာ ဖြစ်ပေမယ့် စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ မကွေးတိုင်းနှင့် မန္တလေးတိုင်းတို့မှာ အလယ်အလတ်အဆင့် မိုးရွာသွန်းမှုသာ ရှိနိုင်ပြီး ၇ ရက်အတွင်း ၉၀ မီလီမီတာ မှ ၁၂၀ မီလီမီတာ အတွင်းသာ ရရှိနိုင်တယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းသုံးသပ်ထားပါတယ်။
မြို့တော် News Channel