လင်မယား ၂ ဦး လယ်ထဲက ဆိုင်ကယ်နဲ့ ပြန်လာစဉ် PNO ပြည်သူ့စစ် မောင်းလာတဲ့ကားနဲ့ တိုက်မိပြီး ဆိုင်ကယ်မောင်းသူ သေဆုံး
ဇူလိုင် ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ PNO ပြည်သူ့စစ်တွေ မောင်းနှင်လာတဲ့ ကားနဲ့ လင်းမယား ၂ ယောက် စီးလာတဲ့ ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် တိုက်မိပြီး ဆိုင်ကယ်မောင်းနှင်သူ အမျိုးသား သေဆုံးခဲ့သလို နောက်မှလိုက်ပါစီးနှင်တဲ့ အမျိုးသမီးလည်း ဆေးရုံတင်ထားရကာ ခုချိန်ထိ သတိမရသေးဘူးလို့ သိရပါတယ်။
ဇူလိုင်လ ၂၀ ရက် ညနေ ၆ နာရီခန့်က ဘန်းယဥ်နှင့် ခုတ်နမ်းကြားကားလမ်း၊ ကွန်းကောင်းမူး စာသင်ကျောင်းအနီးမှာ လင်းမယား ၂ ဦးဟာ လယ်ထဲမှ ဆိုင်ကယ်နဲ့အပြန် ဆမ်ဆိုင်ရွာဘက်မှ ဖိုင်ကွမ်းရွာဘက်ကို ဦးတည်မောင်းနှင်လာတဲ့ Chevrolet ယာဉ်က အရှိန်ပြင်းပြင်းနဲ့ လမ်းပြောင်းပြန် မောင်းလာခဲ့ပြီး မျက်နှာချင်းဆိုင် တိုက်မိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်အတွင်း ကားက အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးလယ်တောထဲကို ထိုးကျသွားခဲ့ပြီး ယာဉ်မောင်းဟာ နောက်ကအတူ ပါလာတဲ့ကားနဲ့ ထွက်ပြေးသွားခဲ့တယ်လို့ သိရကာ ကားထဲမှာ ယာဥ်မောင်းလိုင်စင်၊ ဖုန်း၊ အဖွဲ့အစည်း ဦးထုပ်၊ အင်္ကျီ၊ ရှူးဖိနပ်နဲ့ ကျောပိုးအိတ်တို့ ကျန်ရစ်ခဲ့တယ်လို့ ဆိုပါတယ်။
ဆိုင်ကယ်စီးလာတဲ့ လင်မယား ၂ ဦးဟာ ဆီဆိုင်မြို့နယ်၊ ဖိုင်ကွမ်းရွာနေ ကိုစိုင်းကြီးနဲ့ မနန်းဆိုင်ဆွေး တို့ဖြစ်ကြပြီး သားသမီး ၃ ဦး ရှိတယ်လို့ သိရကာ ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားဟာ နေရာမှာတင် သေဆုံးသွားခဲ့ပြီး အမျိုးသမီးကိုတော့ ပရဟိတအဖွဲ့တွေက တောင်ကြီးမြို့ စပ်စံထွန်း ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ထွက်ပြေးသွားတဲ့ ယာဉ်မောင်းကို ဖမ်းဆီးရမိပြီ ဖြစ်တယ်လို့ သိရပြီး PNO ပြည်သူ့စစ် ဖြစ်နေတာကြောင့် တာဝန်ရှိသူတွေအနေနဲ့ တရားမျှတမှုရှိရှိ အရေးယူဆောင်ရွက်သွားဖို့ ဒေသခံတွေက မျှော်လင့်နေကြပါတယ်။
မြို့တော် News Channel